မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှ ပွဲစဉ်အချို့ကို လုပ်ပွဲသံသယရှိကြောင်း MFF ထံ AFC အကြောင်းကြားထားပြီး ယနေ့ အရေးပေါ်တံခါးပိတ်အစည်းအဝေး ပြုလုပ်မည်

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှ ပွဲစဉ်အချို့ကို လုပ်ပွဲသံသယရှိကြောင်း MFF ထံ AFC အကြောင်းကြားထားပြီး ယနေ့ အရေးပေါ်တံခါးပိတ်အစည်းအဝေး ပြုလုပ်မည်
Published 10 April 2018

အာရှဘောလုံးအဖွဲ့ချုပ်(AFC)သည် မြန်မာနေရှင် နယ်လိဂ်(MNL)ပြိုင်ပွဲမှ ပွဲစဉ်အချို့ကို လုပ်ပွဲ (Match Fixing)သံသယရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံ အကြောင်းကြားစာပေးပို့ထားကြောင်း သိရသည်။

AFC သည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှ လုပ်ပွဲ သံသယရှိကြောင်း ယူဆရသည့်ပွဲစဉ်အချို့ကို စစ်ဆေးမှုပြု လုပ်ရန် MFF ထံ တွန်းအားပေးထားကြောင်း သိရသည်။

ထို့ကြောင့် MFF သည် ယင်းကိစ္စနှင့်ပတ်သက်၍ ယနေ့ (ဧပြီ ၁၀ ရက်) နေ့လယ်ပိုင်းတွင် အရေးပေါ်တံခါးပိတ် အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ MFF မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ တာဝန်ရှိသူများ၊ ကလပ် အသင်းများမှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ မနက်ဖြန်မှာ အရေးပေါ်တံခါးပိတ်အစည်းအဝေးပြုလုပ်သွားဖို့ရှိပါတယ်။ အဲဒီအစည်းအဝေးပြီးရင်တော့ လိုအပ်တဲ့အချက်အလက်တွေကို သတင်းထုတ်ပြန်ပေးသွားမှာပါ" ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ဧပြီ(၉)ရက်တွင် ပြောကြားသည်။

AFC အနေဖြင့် ယခုရာသီ MNL ပွဲစဉ်များ (သို့ မဟုတ်) ပြီးခဲ့သည့်ရာသီ MNL ပွဲစဉ်များအနက်မှ မည်သည့်ပွဲများအား လုပ်ပွဲဟု သံသယရှိနေသည်ကို ကွဲကွဲ ပြားပြားမသိရသေးပေ။

ယခုရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို အသင်း(၁၂)သင်းဖြင့် ကျင်းပလျက်ရှိပြီး ပွဲစဉ်(၁၀)အထိ ယှဉ်ပြိုင်ကစားထားပြီးဖြစ်သည်။

ယခုရာသီ MNL ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်၊ ရတနာပုံ၊ ရှမ်းယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ မကွေး၊ ဟံသာ ဝတီယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ Southern Myanmar၊ ဇွဲကပင်ယူနိုက်တက်၊ စစ်ကိုင်းယူနိုက်တက်၊ GFA နှင့် မြဝတီအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ပြီးခဲ့သည့်ရာသီတွင် အသင်း(၁၂)သင်းဖြင့် ကျင်းပခဲ့သော်လည်း ချင်းယူနိုက်တက်အသင်းမှာ ဘဏ္ဍာရေးအခြေအနေကြောင့် ဖျက်သိမ်းခဲ့ရပြီး နေပြည်တော်အသင်းမှာမူ နည်းပြ အဖွဲ့ဝင်များနှင့် ကစားသမားများအား လစာမပေးချေနိုင်သဖြင့် ပြိုင်ပွဲမှထုတ်ပယ်ခံခဲ့ရသည်။

MFF သည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ပရော်ဖက်ရှင်နယ်လိဂ်ပြိုင်ပွဲအဖြစ် ၂၀၀၉ ခုနှစ်မှစ၍ အသင်း (၈)သင်းဖြင့် ကျင်းပခဲ့ပြီး ယခုမှသာ လုပ်ပွဲသံသယရှိ ကြောင်း ပြဿနာပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

MFF သည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ၂၀၀၉ ခုနှစ်က ရတနာပုံ၊ ရန်ကုန်ယူနိုက်တက်၊ မကွေး၊ ရှမ်းယူနိုက်တက် (ယခင် ကမ္ဘောဇ)၊ Southern Myanmar ၊ ဇေယျာရွှေမြေ (ယခု ဖျက်သိမ်း)၊ ဟံသာဝတီ (ယခင် ဥဿာယူနိုက်တက်)၊ ဧရာဝတီ (ယခင် Delta United) အသင်းတို့နှင့် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်နှင့် ရတနာပုံအသင်းတို့မှာ (၄)ကြိမ်စီ ဗိုလ်စွဲထားပြီး ရှမ်းယူနိုက်တက်အသင်းက (၁)ကြိမ် ဗိုလ်စွဲထားသည်။

Most Read

Most Recent