မျိုးဆက်သစ်ကစားသမားများ ထွက်ပေါ်ရန် နွေရာသီဘောလုံးသင်တန်း ထပ်မံဖွင့်လှစ်မည်

မျိုးဆက်သစ်ကစားသမားများ ထွက်ပေါ်ရန် နွေရာသီဘောလုံးသင်တန်း ထပ်မံဖွင့်လှစ်မည်
Published 8 April 2018

ပထမအကြိမ် နွေရာသီသင်တန်းတွင် လူငယ်ကစားသမားများ လေ့ကျင့်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မျိုးဆက်သစ်လူငယ်ကစားသမားများ ထွက်ပေါ်လာစေရန် ဒုတိယအကြိမ် နွေရာသီဘောလုံးသင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် နွေရာသီလူငယ်ဘောလုံးသင်တန်း (၂/၂၀၁၈) ကို ဧပြီ ၂၃ ရက်မှ မေ ၂၂ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏမြက်ခင်းတုကွင်း၌ ဖွင့်လှစ်မည်ဖြစ်သည်။ ယင်းသင်တန်းတွင် အသက် ၈ နှစ်မှ ၁၄ နှစ်ကြားရှိ (အမျိုးသား/အမျိုးသမီး) မည်သူမဆို တက်ရောက်နိုင်ပြီး အာရှဘောလုံးအဖွဲ့ချုပ် (AFC) လိုင်စင်ရနည်းပြဆရာများက သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့တွင် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသားတစ်ဦးလျှင် ဝင်ကြေးကျပ်သုံးသောင်း သတ်မှတ်ထားသည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဧပြီ ၂၀ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ပြီး ပထမအကြိမ်ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံ ဘောလုံးသင်တန်းတွင် သင်တန်းသား/သင်တန်းသူ ၆၀၀ ကျော် တက်ရောက်သင်ကြားခဲ့သည်။ ပထမအကြိမ် နွေရာသီဘောလုံးသင်တန်းကို ရန်ကုန်မြို့၌သာမက မန္တလေးနှင့် ပုသိမ်မြို့တွင်လည်း ဖွင့်လှစ်ခဲ့ပြီး ယခုအကြိမ်တွင်မူ ရန်ကုန်မြို့၌သာ ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။ MFF သည် မျိုးဆက်သစ်လူငယ်ကစားသမားများ ထွက်ပေါ်လာရန် လူငယ်စီမံကိန်းများကို ဦးစားပေးလုပ်ဆောင်လျက်ရှိပြီး လူငယ်ဘောလုံးသမားများအတွက် ပြိုင်ပွဲများလည်း ကျင်းပပေးလျက်ရှိသည်။ MFF သည် လူငယ်ဘောလုံးသင်တန်းမှ အလားအလာရှိသည့် ကစားသမားများအား ရွေးချယ်သင်ကြားပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။ MFF သည် လူငယ်ဘောလုံးပွဲတော်များကိုလည်း ရန်ကုန်နှင့် အခြားမြို့များ၌ ကျင်းပပေးလျက်ရှိသည်။

Most Recent