ဆွမ်ဆီးကို အနိုင်ယူပြီး ဒုတိယနေရာကို ထိန်းသိမ်းခဲ့တဲ့ မန်ယူ

ဆွမ်ဆီးကို အနိုင်ယူပြီး ဒုတိယနေရာကို ထိန်းသိမ်းခဲ့တဲ့ မန်ယူ
Published 1 April 2018

Photo: Reuters

Photo: Reuters

Photo: Reuters

ပရီးမီးယားလိဂ် ပွဲစဉ်(၃၂) စနေည (၈း၃၀) ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ မန်ယူအသင်းက ဆွမ်ဆီးအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရပြီး ဒုတိယနေရာကို ထိန်းသိမ်းခဲ့ပါတယ်။

မန်ယူအသင်းဟာ တိုက်စစ်မှူး လူကာကူကို အထောင်ထားပြီး ဆန်းချက်ဇ်၊ လင်ဂတ်၊ မာတာ၊ ပေါ့ဘာ၊ မာတစ်တို့နဲ့ ပွဲထွက်လာပါတယ်။

တန်းဆင်းအန္တရာယ်ရှိနေတဲ့ ဆွမ်ဆီးအသင်းက အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူအသင်းကို ခံကစားဖို့ ၃-၅-၂ နဲ့ ပွဲထွက်လာပေမယ့် ပွဲအစပိုင်းမှာပဲ ဂိုးတွေခွင့်ပြုရပြီး ရှုံးပွဲတွေ့ဖို့ ဖြစ်ပါတယ်။

မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကို လူကာကူက ပွဲချိန်(၅)မိနစ်မှာ ဆန်းချက်ဇ်ရဲ့ ဖန်တီးမှုကတစ်ဆင့် သွင်းယူခဲ့ပြီး မိနစ် (၂၀)မှာတော့ ဆန်းချက်ဇ် ကိုယ်တိုင်သွင်းယူခဲ့တာပါ။

ဆန်းချက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ တစ်ပွဲအတွင်း ဂိုးသွင်းပြီး ဖန်တီးမှုပါ ပြုလုပ်နိုင်တာ (၁၁)ကြိမ်မြောက် ဖြစ်ခဲ့ပြီး သူ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာပြီး နောက်ပိုင်းမှာဆိုရင် လူကာကူနဲ့ ဖေမီနို (၁၂ ကြိမ်စီ)တို့သာ ပိုမိုစွမ်းဆောင်နိုင်ခဲ့တာပါ။

လူကာကူကလည်း ဒီနေ့သွင်းဂိုးက သူ့အတွက် ပရီးမီးယားလိဂ် ရာပြည့်ဂိုးဖြစ်ခဲ့ပြီး ဒီဂိုးကို သွင်းယူနိုင်ချိန်မှာ (၂၄)နှစ်၊ (၃၂၂)ရက်သာ ရှိသေးတာကြောင့် ပဉ္စမမြောက် အသက်အငယ်ဆုံး ဂိုး(၁၀၀) ပြည့်မြောက်သူလည်း ဖြစ်ခဲ့ပါတယ်။

မန်ယူအသင်းက ဒုတိယပိုင်းမှာ ကစားအားချလိုက်ပြီး ခံစစ်စိတ်ယိုင်လာတာကြောင့် ဆွမ်ဆီး အခွင့်အရေးတွေရလာပေမယ့် မန်ယူဂိုးသမား ဒီဂီယာက လက်စွမ်းပြ ကာကွယ်သွားခဲ့ပြီး အနိုင်ဂိုးတွေကို ထိန်းသိမ်းသွားခဲ့ပါတယ်။

အခြားပွဲတွေမှာတော့ ဝက်စ်ဟမ်း၊ နယူးကာဆယ်အသင်းတို့ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ခဲ့ကြပြီး လက်စတာ၊ ဘန်လေတို့ကတော့ အဝေးကွင်းမှာ နိုင်ပွဲကိုယ်စီရခဲ့ကြပါတယ်။ ဝက်ဖို့ဒ်နဲ့ ဘုန်းမောက်တို့ကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျခဲ့ကြပါတယ်။

■ ပရီးမီးယားလိဂ်ရလဒ်များ
ခရစ္စတယ်ပဲလေ့စ် ၁-၂ လီဗာပူးလ်
ဝက်စ်ဟမ်း ၃-၀ ဆောက်သမ်တန်
ဘရိုက်တန် ဝ-၂ လက်စတာ
မန်ယူ ၂-၀ ဆွမ်ဆီး
နယူးကာဆယ် ၁-၀ ဟတ်ဒါဖီးလ်
ဝက်ဖို့ဒ် ၂-၂ ဘုန်းမောက်
ဝက်စ်ဘရွန်း ၁-၂ ဘန်လေ

■ လာလီဂါရလဒ်များ
ဟီရိုနာ ၁-၁ လီဗန်တေး

■ စီးရီးအေရလဒ်များ
ဘိုလော့ဂ်နာ ၁-၁ ရိုးမား
လာဇီယို ၆-၂ ဘင်နီဗန်တို
ဖီအိုရင်တီးနား ၂-၀ ခရိုတိုနီ
အင်တာမီလန် ၃-၀ ဗီရိုနာ
ဂျီနိုအာ ၁-၁ SPAL
ကာဂလီယာရီ ဝ-၄ တိုရီနို
အတ္တလန်တာ ၂-၀ အူဒီးနီးစ်

■ ဘွန်ဒစ်လီဂါရလဒ်များ
ဟော်ဖန်ဟင်မ် ၆-၀ ကိုလုံး
ရှော်လ်ကေး ၂-၀ ဖရိုင်းဘတ်
လေဗာကူဆင် ဝ-၀ အော့စ်ဘတ်
ဟန်နိုဗာ ၂-၃ လိုက်ပ်ဇစ်
စတုဂတ် ၁-၁ ဟမ်းဘတ်

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
ဘာမင်ဂမ် ၁-၀ အစ်ဝစ်ချ်

Most Read

Most Recent