ယနေ့ကျင်းပမည့် မြားပစ်နှင့် ခြင်းလုံးပြိုင်ပွဲတွင် ရွှေလေးခု စတင်ချီးမြှင့်မည်

ယနေ့ကျင်းပမည့် မြားပစ်နှင့် ခြင်းလုံးပြိုင်ပွဲတွင် ရွှေလေးခု စတင်ချီးမြှင့်မည်
Published 16 August 2017

ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ မြန်မာခြင်းလုံး ကစားသမားများ လေ့ကျင့်မှုပြုလုပ်နေစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

 

သြဂုတ် ၁၆ ရက် (ယနေ့) စတင်ကျင်းပမည့် မြားပစ်နှင့် ခြင်းလုံးအားကစားနည်းမှ ရွှေ တံဆိပ်လေးခု စတင်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

မြားပစ် အားကစားနည်းတွင် Compound အမျိုးအစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပြီး အမျိုးသား/အမျိုးသမီး တစ်ဦးချင်း၊ အမျိုးသား/အမျိုးသမီး အသင်းလိုက်နှင့် Mixed Team (အမျိုးသားနှင့် အမျိုးသမီး) ပြိုင်ပွဲများ ကျင်းပမည်ဖြစ်သည်။

နံနက်ပိုင်းတွင် လက်ရည်စစ်ပွဲအဆင့်များ ကျင်းပမည်ဖြစ်ပြီး မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် ၁၆ ဦး အဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲများ (အမျိုးသား၊ အမျိုးသမီး) ဆက်လက်ကျင်းပမည်ဖြစ်သည်။

မြန်မာမြားပစ် အားကစားအဖွဲ့သည် Compound အမျိုးအစားတွင် စုစုပေါင်း ရှစ်ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသား - ရဲမင်းဆွေ၊ ရှိန်းထက်ကျော်၊ မြတ်ဇော်ထွန်း၊ ဇင်သူရိန်မှူး၊ အမျိုးသမီး - အောင်ငှိမ်း၊ ယောစိမ်းယ၊ လှလှစံ၊ စုစုလှိုင်တို့ဖြစ်ကြောင်း သိရသည်။

မြားပစ် အားကစားအဖွဲ့အနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဆုတံဆိပ်လွဲချော်ခဲ့သောကြောင့် ဝါရင့်ကစားသမားများဖြစ်သည့် ရဲမင်းဆွေနှင့် အောင်ငှိမ်းတို့ကို ပြန်လည်ရွေးချယ်ထားခြင်းဖြစ်ပြီး ရွှေတံဆိပ် ဆွတ်ခူးရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ ခြင်းလုံးအားကစား နည်းတွင် Event 2 နှင့် Event 3 ပြိုင်ပွဲ အမျိုးအစားနှစ်မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ်နှစ်ခု ချီးမြှင့်မည်ဖြစ်သည်။

ယနေ့ကျင်းပမည့် အမျိုးအစားနှစ်မျိုးအနက် မြန်မာခြင်းလုံးအဖွဲ့သည် Event 2 ပြိုင်ပွဲတွင်သာ ယှဉ်ပြိုင်မည်ဖြစ်ပြီး အိမ်ရှင်မလေး ရှားအနေဖြင့် မွန်းလွဲပိုင်းကျင်းပမည့် Event 3 အမျိုးအစားပြိုင်ပွဲ၌ ပထမဆုံးရွှေတံဆိပ် ရယူရန် ပြင်ဆင်ထားကြောင်း သိရသည်။ ခြင်းလုံးအားကစားနည်းသည် မြန်မာ့ရိုးရာ အားကစားနည်းဖြစ်သောကြောင့် မြန်မာ ခြင်းလုံးအဖွဲ့အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးအစားအားလုံး၌ ရွှေတံဆိပ်ရယူနိုင်ရန် အလားအလာ ကောင်းလျက်ရှိသည်။

Most Read

Most Recent