ဒူးဒဏ်ရာမသက်သာသဖြင့် အာဂျင်တီးနားအသင်းမှ အဂွဲရိုး နုတ်ထွက်

ဒူးဒဏ်ရာမသက်သာသဖြင့် အာဂျင်တီးနားအသင်းမှ အဂွဲရိုး နုတ်ထွက်
Published 25 March 2018

Photo: belfasttelegraph

အာဂျင်တီးနားလက်ရွေးစင်အသင်း တိုက်စစ်မှူး အဂွဲရိုးသည် ဒူးဒဏ်ရာမသက်သာသဖြင့် စပိန်အသင်းနှင့်ပွဲမတိုင်မီ လူစာရင်းမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

အဂွဲရိုးသည် မန်စီးတီးအသင်း၏ လေ့ကျင့်ရေးအစီအစဉ်တွင် ဝဲဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မတ် ၁၂ ရက်က စတုတ်စီးတီး အသင်းနှင့်ကစားသည့် အဝေးကွင်းပွဲကို လွဲချော်ခဲ့သည်။

မန်စီးတီးအသင်းက ၎င်းအနေဖြင့် နှစ်ပတ်ကြာ အနားယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း အာဂျင်တီးနားအသင်းသည် အီတလီအသင်းနှင့် ခြေစမ်းပွဲမတိုင်မီ မန်စီးတီးအသင်း၏ စီးတီးဘောလုံးအကယ်ဒမီ၌ လေ့ကျင့်မည်ဖြစ်သောကြောင့် ၎င်းအား ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အဂွဲရိုးသည် ယင်းပွဲမတိုင်မီ အာဂျင်တီးနားအသင်းဖော်များနှင့်အတူ တစ်ကြိမ်မျှ လေ့ကျင့်နိုင်ခြင်းမရှိသလို မတ် ၂၃ ရက်က အီတလီအသင်းနှင့် ခြေစမ်းပွဲကိုလည်း လွဲချော်ခဲ့သည်။

၎င်းအနေဖြင့် စပိန်အသင်းနှင့် ကစားမည့်ပွဲတွင်လည်း ပါဝင်နိုင်ဖွယ်မရှိသောကြောင့် အာဂျင်တီးနားအသင်းက နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အဂွဲရိုးသည် ယခုရာသီ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းယူပေးထားသူဖြစ်ပြီး မတ် ၃၁ ရက်တွင် အဲဗာတန်အသင်းနှင့်ကစားမည့်ပွဲ ၌ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိသည်။

တံကောက်ကြောဒဏ်ရာကြောင့် အီတလီနှင့်ပွဲတွင်မပါဝင်ခဲ့သည့် အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီမှာမူ မတ် ၂၇ ရက်တွင် စပိန်အသင်းနှင့် ကစားမည့်ပွဲ၌ ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent