အာမေးနီးယားအကောင်းဆုံးဆု မစ်ခီတာရီယန် ရှစ်ကြိမ်မြောက်ဆွတ်ခူး

အာမေးနီးယားအကောင်းဆုံးဆု မစ်ခီတာရီယန် ရှစ်ကြိမ်မြောက်ဆွတ်ခူး
Published 25 March 2018

Photo: Arsenal

အာဆင်နယ်အသင်း၏ အာမေးနီးယား လက်ရွေးစင်အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား မစ်ခီတာရီယန်သည် အာမေးနီးယား တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရှစ်ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မစ်ခီတာရီယန် (၂၉ နှစ်)သည် ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ရာသီတွင် မန်ယူအသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်မရသော်လည်း ယူရိုပါလိဂ်ဖလားနှင့် လိဂ်ဖလား ဆွတ်ခူးရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း လက်ရွေးစင်အသင်းအတွက် ကိုးပွဲကစား ခြောက်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

၎င်းသည် ဇန်နဝါရီတွင် ချီလီတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်နှင့် အလဲအထပ်ပြောင်းရွှေ့မှုအဖြစ် မန်ယူမှ အာဆင်နယ်အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး ပြိုင်ပွဲစုံ ၁၀ ပွဲကစား နှစ်ဂိုးသွင်းယူပေးထားသည်။

၂၀၁၇ ခုနှစ် အာမေးနီးယား အကောင်းဆုံးဆုအတွက် မဲပေးမှုတွင် မစ်ခီတာရီယန်က ရမှတ် ၁၉၀ ရရှိပြီး ဒုတိယမဲအများဆုံးရရှိသည့် မက်ဆီဒိုးနီးယားကလပ် FC ဗာဒါ အသင်းကွင်းလယ်လူ ဘာဆက်ယန်ထက် ၁၅၅ မဲအထိ အသာရခဲ့သည်။

မစ်ခီတာရီယန်သည် ယင်းဆုကို ရှစ်ကြိမ်မြောက်နှင့် နောက်ဆုံးခုနစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိခြင်းဖြစ်ပြီး ပျူနစ်အသင်း၌ကစားစဉ် တစ်ကြိမ်၊ ရှက်တာဒိုးနက်အသင်း၌ကစားစဉ် နှစ်ကြိမ်၊ ဒေါ့မွန်အသင်း၌ကစားစဉ် သုံးကြိမ်၊ မန်ယူနှင့် အာဆင်နယ်အသင်း၌ တစ်ကြိမ်စီရရှိထားသည်။

Most Read

Most Recent