မန်ယူအသင်းတွင် ဆန်းချက်ဇ် အထီးကျန်ဆန်လာခြင်း အပေါ် မန်ယူအသင်းတာဝန်ရှိသူများ စိုးရိမ်ပူပန်နေ

မန်ယူအသင်းတွင် ဆန်းချက်ဇ် အထီးကျန်ဆန်လာခြင်း အပေါ် မန်ယူအသင်းတာဝန်ရှိသူများ စိုးရိမ်ပူပန်နေ
Published 22 March 2018

 

 

 

 

မန်ယူအသင်း၏ ချီလီတောင်ပံတိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်သည် အသင်းတွင် အထီးကျန်ဆန်လာသည့် အနေအထားများ ရှိလာခြင်းကြောင့် မန်ယူအသင်းတာဝန်ရှိသူများမှာ ၎င်းအတွက် စိုးရိမ်ပူပန်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ ဆန်းချက်ဇ်သည် မန်ယူအသင်းတွင် ကွင်းထဲ၌ ခြေစွမ်းကျဆင်းနေသည်သာမက ကွင်းပြင်ပတွင်လည်း အဆင်မပြေမှုများရှိနေကြောင်း Daily Mail က ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်တွင် တစ်ပတ်ဝင်ငွေ ပေါင် (၆)သိန်းခန့်ရရှိကာ ဝင်ငွေအကောင်းဆုံးကစားသမား၊ လစာငွေအကောင်းဆုံးကစားသမားဘဝကိုပိုင်ဆိုင်နေသော်လည်း ဆန်းချက်ဇ်သည် မန်ယူအသင်းတွင် အထီးကျန်ဆန်ဆန်ရုန်းကန်နေရကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ ကလပ်အသင်း၏ ကာရင်တန်လေ့ကျင့် ရေးကွင်းတွင် ဆန်းချက်ဇ်၏ ပြုမူလှုပ်ရှားပုံများမှာ ပျော်ပျော်ရွှင်ရွှင်ရှိသည်ကို မတွေ့ရဘဲ စိတ်ပျက်လက်ပျက်အမူအရာများဖြစ်နေကြောင်း၊ အထူးသဖြင့် အသင်း၏ ကစားသမားများစားသောက်ရာ ကန်တင်းတွင် ဆန်းချက်ဇ်သည် တစ်ခါတစ်ရံ အထီးကျန်ဆန်စွာဖြင့် တစ်ဦးတည်းစားသောက်သည်ကို တွေ့မြင်ရလေ့ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

သို့ဖြစ်ရာ ဆန်းချက်ဇ်အနေဖြင့် မန်ယူအသင်းသို့ ၂၀၁၄ ခုနှစ်က (ထိုစဉ်က) ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၅၉.၇)သန်းဖြင့် ပြောင်း ရွှေ့လာသော အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာ ကဲ့သို့ဖြစ်လာမည်ကို မန်ယူအသင်းတာဝန်ရှိသူများက စိုးရိမ်နေကြကြောင်း သိရှိရသည်။ ဒီမာရီယာသည် ၂၀၁၄ နွေရာသီတွင် မန်ယူအသင်းသို့ရောက်ရှိလာပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၂၇)ပွဲအပါအဝင် ပြိုင်ပွဲစုံ(၃၂)ပွဲသာကစားကာ ၂၀၁၅ နွေရာသီ၌ PSG အသင်းသို့ ပြောင်း ရွှေ့သွားခဲ့သည်။

သူ့အနေဖြင့် မန်ယူအသင်းတွင် တစ်ရာသီသာကစားကာ ရုန်းကန်ခဲ့ရပြီး သွင်းဂိုး (၄)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ မန်ယူအသင်းမှာလည်း ပေါင်သန်း(၆၀)နီးပါးဖြင့် ခေါ်ယူခဲ့ရသည့် ၎င်းကို PSG အသင်းသို့ ပေါင်(၄၄)သန်းဖြင့် ပြောင်းရွှေ့ခွင့်ပြုခဲ့ရရာ တစ်ရာသီတည်းနှင့်ပြောင်း ရွှေ့ကြေး ပေါင် (၁၆)သန်းခန့် ဆုံးရှုံးခဲ့သည်။

ဆန်းချက်ဇ်သည် မန်ယူအသင်းတွင် ပြိုင်ပွဲစုံ(၁၀)ပွဲကစားထားပြီး သူ၏စွမ်းဆောင်ရည်မှာ ကျဆင်းလျက်ရှိနေသည်ကိုလည်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ ယင်း(၁၀)ပွဲတွင် ဂိုးပေါက်ကန်သွင်းမှုစုစုပေါင်းမှာ (၁၆)ကြိမ်သာရှိပြီး ဂိုးပေါက်တည့်မှုမှာ (၇)ကြိမ်သာရှိကာ သွင်းဂိုးမှာလည်း တစ်ဂိုးသာရှိထားသည်။ မန်ယူနည်းပြ မော်ရင်ဟိုကမူ ဆန်းချက်ဇ်၏ အကောင်းဆုံးခြေစွမ်းကို လာမည့်ရာသီမှသာ တွေ့ မြင်ရလိမ့်မည်ဟုပြောဆိုပြီး ၎င်း၏ခြေစွမ်းကျဆင်းမှုကို ကာကွယ်ပြောဆိုခဲ့သည်။