ယူ-၂၁ အသင်း၌ ရွေးချယ်ခံထားရသူများအနက် အသက်မီသူများကို မြန်မာ ယူ-၁၉ အသင်း ခေါ်ယူမည်

ယူ-၂၁ အသင်း၌ ရွေးချယ်ခံထားရသူများအနက် အသက်မီသူများကို မြန်မာ ယူ-၁၉ အသင်း ခေါ်ယူမည်
Published 19 March 2018

၂၀၁၇ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၁၈ အသင်း (ဓာတ်ပုံ - ညီညီစိုးညွန့်)

မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် မေလဆန်းတွင် လေ့ကျင့်မှုစတင် ပြုလုပ်မည်ဖြစ်ပြီး ယူ-၂၁ အသင်း၌ ရွေးချယ်ခံထားရသူများအနက် အသက်မီသည့်ကစားသမားများကို ပြန်လည်ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းနှင့် နည်းပြအဖွဲ့ဝင်များသည် အသင်းဖွဲ့စည်းရန် လူငယ်လိဂ်ပြိုင်ပွဲအား လိုက်လံကြည့်ရှုလျက်ရှိပြီး ကစားသမား ၄၀ ဝန်းကျင်ဖြင့် စတင်ဖွဲ့စည်းမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းခဲ့သော ယူ-၁၈ အသင်းကို အခြေခံ ဖွဲ့စည်းမည်ဖြစ်ပြီး ယူ-၂၁ အသင်း၌ ရွေးချယ်ခံထားရသည့် ဝင်းနိုင်ထွန်း၊ ပြည့်စုံနိုင်၊ လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ စိုးမိုးကျော်စသည့် ကစားသမားများကို ရွေးချယ်မည်ဖြစ်သည်။ ကွင်းလယ်ကစားသမား လွင်မိုးအောင်သည်  ၂၀၁၉ အာရှဖလားခြေစစ်ပွဲ လက်ကျန်ပွဲ ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းတွင်လည်း ရွေးချယ်ခံထားရကြောင်း သိရသည်။ မြန်မာ ယူ-၁၉ အသင်းသည် ဇူလိုင်တွင် ကျင်းပမည့် ၂၀၁၈ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်မည်ဖြစ်ပြီး မေ ၂ ရက်တွင် စခန်းဝင်လေ့ကျင့်မှု စတင်ပြုလုပ်ရန် စီစဉ်ထားသည်။ မြန်မာ ယူ-၁၉ အသင်းသည် လူငယ်လိဂ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နေ သည့် ကလပ်အသင်းမှ ကစားသမားများဖြင့် ဖွဲ့စည်းမည်ဖြစ်သောကြောင့် MNL ယူ-၂၁ နှင့် ယူ-၁၉ လိဂ်ပြိုင်ပွဲပြီးဆုံးသည့် ဧပြီလကုန်မှသာ စခန်းဝင်လေ့ကျင့်နိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် အာဆီယံ ယူ- ၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် နှစ်လနီးပါး ရမည်ဖြစ်ပြီး ဇွန်တွင် ပြည်ပခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းအား နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်း၊ လက်ထောက်နည်းပြများအဖြစ် ဦးဇော်ဝင်းထွန်းနှင့် ဦးမင်းသူ၊ ဂိုးနည်းပြအဖြစ် ဦးကိုကိုaအာင်တို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၁၈ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၂ ရက်မှ ၁၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ လာအို၊ အုပ်စု (ခ) တွင် မြန်မာ၊ တီမော၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းအသင်းတို့ ပါဝင်နေသည်။ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည်  မြန်မာ ယူ-၁၉ အသင်းကို ဒုတိယအကြိမ် ကိုင်တွယ်ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က တစ်ကြိမ်ကိုင်တွယ်ခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent