လာလီဂါဂိုးသွင်းဘုရင်ဆုအတွက် အသင်းဖော်များနှင့် စီရော်နယ်လ်ဒို အလောင်းအစားပြုလုပ်ထားခဲ့

လာလီဂါဂိုးသွင်းဘုရင်ဆုအတွက် အသင်းဖော်များနှင့် စီရော်နယ်လ်ဒို အလောင်းအစားပြုလုပ်ထားခဲ့
Published 19 March 2018

Photo: AFP

ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းက လာလီဂါဂိုးသွင်းဘုရင်ဆုအတွက် အသင်းဖော်များနှင့် အလောင်းအစားတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းအချိန်က စီရော်နယ်လ်ဒိုသည် လာလီဂါတွင် (၁)ဂိုးသာ သွင်းယူနိုင်သေးပြီး အဓိကပြိုင်ဘက်ဖြစ်သည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက (၁၂)ဂိုး သွင်းယူထားခဲ့သည်။

သို့သော် စီရော်နယ်လ်ဒိုက လာလီဂါဂိုးသွင်းဘုရင်ဆုကို မိမိ ရယူနိုင်စွမ်းရှိသည်ဟု အသင်းဖော်များကို စိန်ခေါ်ကာ အလောင်းအစားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခု(၄)လအကြာတွင် စီရော်နယ်လ်ဒိုသည် လာလီဂါသွင်းဂိုး (၂၂)ဂိုးအထိ ရှိလာခဲ့ပြီး (၂၅)ဂိုးသွင်းယူထားသည့် မက်ဆီကို ကပ်လိုက်လာခဲ့ပြီဖြစ်သည်။

စီရော်နယ်လ်ဒိုသည် ၂၀၁၈ ခုနှစ်အတွင်း ဂိုးများဆက်တိုက်သွင်းယူနိုင်ခဲ့သည့်အတွက် ၎င်းယုံကြည်ထားသည့်အတိုင်း လာလီဂါဂိုးသွင်းဘုရင်ဆုကို စိန်ခေါ်လာနိုင်ခြင်းလည်းဖြစ်သည်။

စီရော်နယ်လ်ဒိုသည် လာလီဂါဂိုးသွင်းဘုရင်ဆုကို (၃)ရာသီသာ ရယူထားနိုင်ခဲ့ပြီး မက်ဆီက (၄)ရာသီ ရယူထားခြင်းကြောင့် မက်ဆီ၏စံချိန်ကို အမီလိုက်နိုင်ရန် စိတ်အားထက်သန်နေကြောင်းလည်း သိရှိရသည်။

ယခုရာသီ လာလီဂါဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဆိုင်မှုတွင် မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နှင့်အတူ (၂၁)ဂိုးသွင်းယူထားသည့် ဆွာရက်ဇ်တို့ အဓိကအားပြိုင်ရဖွယ်ရှိနေသည်။

Most Read

Most Recent