လာမည့်နွေရာသီတွင် မန်ယူအသင်းကို ပြောင်းလဲပြင်ဆင်ရန် အဓိက ကစားသမား(၆)ဦးအထိ မော်ရင်ဟို ရောင်းချမည်

လာမည့်နွေရာသီတွင် မန်ယူအသင်းကို ပြောင်းလဲပြင်ဆင်ရန် အဓိက ကစားသမား(၆)ဦးအထိ မော်ရင်ဟို ရောင်းချမည်
Published 19 March 2018

 

 

 

Photos: Daily Mail,Getty Images

 

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် လာမည့်နွေရာသီတွင် အသင်းကို ပြောင်းလဲပြင်ဆင်ရန်စီစဉ်နေပြီး အဓိက ကစားသမား(၆)ဦးအထိ ရောင်းချသွားမည်ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်တစ်ပတ်က စပိန်ကလပ် ဆီဗီလာအသင်းကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်တွင် (၁-၂)ဂိုးဖြင့်ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခဲ့ရရာ ယခုရာသီတွင် မျှော်လင့်နိုင်စရာဖလားဟူ၍ FA ဖလားတစ်လုံးသာ ကျန်ရှိတော့သည်။

အသင်း၏ လက်ရှိအခြေအနေကို မော်ရင်ဟိုမှာ စိတ်ပျက်လျက်ရှိပြီး နွေရာသီတွင် ကစားသမားအပြောင်းအလဲများစွာပြုလုပ်သွားရန် စီစဉ်နေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ မော်ရင်ဟိုအနေဖြင့် လက်ရှိပထမအသင်းမှ ကစားသမား(၆)ဦးအထိ ရောင်းချသွားရန်စီစဉ်လျက်ရှိကြောင်း ၎င်းသတင်းစာက ဖော်ပြခဲ့သည်။

မော်ရင်ဟို ရောင်းချရန်စီစဉ်နေသည့် က စားသမားများမှာ အင်္ဂလန်နောက်ခံလူ လုခ်ရှော၊ စမောလင်း၊ အီတလီနောက်ခံလူ ဒါမီယန်၊ နယ်သာလန်နောက်ခံလူ ဒေလီဘလင်း၊ စပိန်ကွင်း လယ်လူ မာတာနှင့် ပြင်သစ်တောင်ပံကစားသမား မာစီယဲလ်တို့ဖြစ်ကြောင်း သိရှိရသည်။ မော်ရင်ဟိုသည် လက်ရှိမန်ယူကစားသမားများ၏ စွမ်းဆောင်ရည်အပေါ်လည်း စိတ်ပျက်လျက်ရှိပြီး မန်ယူအသင်းက ဘရိုက်တန်အသင်းကို (၂-ဝ) ဂိုးဖြင့် အနိုင်ရခဲ့သည့် FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အပြီး ပြစ်တင်ဝေဖန်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ယင်းပွဲတွင် လူကာကူ၊ မာ တစ်တို့၏သွင်းဂိုးများဖြင့် မန်ယူအသင်းက အနိုင်ရရှိခဲ့သော်လည်း မော်ရင်ဟိုသည် သူ့အသင်း၏ခြေစွမ်းအပေါ် စိတ်ပျက်လျက်ရှိပြီး ပွဲအပြီးတွင် ပြစ်တင်ဝေဖန်ခဲ့ခြင်းဖြစ်သည်။

" ကျွန်တော် မပျော်ရွှင်နိုင်ပါဘူး။ တစ်ဦးချင်းရဲ့စွမ်းဆောင်ရည်တွေ ပျောက်ဆုံးနေသလို၊ အဆင့်အတန်းမရှိ၊ စိတ်ဆန္ဒပြင်းပြမှုမရှိဘဲ ကစားနေကြပါတယ်" ဟု မော်ရင်ဟိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။ မော်ရင်ဟိုသည် ယင်းပွဲတွင် နောက်ခံလူ လုခ်ရှောကို ပထမပိုင်းအပြီးတွင် လူစားလဲခဲ့ပြီး ပွဲအပြီးတွင် လုခ်ရှော၏စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရမှုမရှိကြောင်း မီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့သည်။ လုခ်ရှောအနေဖြင့် တိုက် စစ်ကို ထိရောက်သည့်ပံ့ပိုးမှုများမပြုလုပ်နိုင်ခဲ့ကြောင်း မော်ရင်ဟိုက ဝေဖန်ခဲ့ပြီး ၎င်းအား လူစားလဲရသည့်အကြောင်းအရင်းကို မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။ သို့ဖြစ်ရာ လာမည့်နွေရာသီတွင် လုခ်ရှောမှာ မန်ယူအသင်းနှင့် လမ်းခွဲရရန် သေချာသလောက်ရှိနေကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

မန်ယူပရိသတ်အချို့ကမူ မော်ရင်ဟိုအနေဖြင့် လုခ်ရှောအပေါ် ပစ်မှတ်ထားပြီး နှိမ့်ချဆက်ဆံမှု များပြုလုပ်နေကြောင်း၊ အသင်း၏ ကျရှုံးမှုများအတွက် လုခ်ရှောကို တရားခံရှာနေကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်ရေးသားခဲ့ကြသည်။

Most Read

Most Recent