လီဗာပူးလ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးရာသီတွင်ဂိုးအများဆုံးသွင်းယူသည့်ကစားသမားအဖြစ် ဆာလာ မှတ်တမ်းဝင်

လီဗာပူးလ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးရာသီတွင်ဂိုးအများဆုံးသွင်းယူသည့်ကစားသမားအဖြစ် ဆာလာ မှတ်တမ်းဝင်
Published 19 March 2018

 

Photos: AFP

 

လီဗာပူးလ်အသင်း၏ အီဂျစ်တိုက်စစ်မှူး ဆာလာသည် လီဗာပူးလ်အသင်းသမိုင်းတစ်လျှောက်တွင် ပထမဆုံး ကစားသည့်ရာသီ၌ ဂိုးအများဆုံးသွင်းယူသည့်ကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ကြောင်း သိရှိရသည်။ ယခင်က ယင်းစံချိန်တင်ထားသူမှာ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်ဖြစ်ပြီး လီဗာပူးလ်အသင်းတွင် သူ ပထမဆုံးကစားသည့် ၂၀၀၇-၀၈ ဘောလုံးရာသီက ပြိုင်ပွဲစုံ(၃၃)ဂိုးသွင်းယူပြီး ယင်းစံချိန်တင်ရှိခဲ့ခြင်းဖြစ်သည်။

ဆာလာသည် ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော လီဗာပူးလ်(၅-ဝ)၀က်ဖို့ဒ်ပွဲတွင် လီဗာပူးလ်အသင်းအတွက် တစ်ဦးတည်း(၄)ဂိုးအထိသွင်းယူခဲ့ပြီး သူ၏ပြိုင်ပွဲစုံသွင်းဂိုးမှာ (၃၆)ဂိုးအထိရှိလာပြီဖြစ်သည်။ သို့ဖြစ်ရာ ပရီးမီးယားလိဂ်ရာသီပြီးဆုံးရန် (၂)လခန့်အလိုတွင်ပင် ဆာလာသည် တောရက်စ်၏စံချိန်ကိုရိုက်ချိုးပြီး ယင်းစံချိန်သစ်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ တောရက်စ် မှာ ယင်း(၃၃)ဂိုးသွင်းယူနိုင်ရန် ပြိုင်ပွဲစုံ(၄၆)ပွဲအထိကစားခဲ့ရပြီး ဆာလာမှာ (၃၆)ဂိုးသွင်း ယူနိုင်ရန် ပွဲ(၄၀)သာ ကစားခဲ့ရသည်။

ဆာလာသည် ပရီးမီးယားလိဂ်တွင် (၂၈)ဂိုး၊ ချန်ပီယံလိဂ်တွင် (၇)ဂိုး၊ FA ဖလားတွင် (၁)ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ ဆာလာအနေဖြင့် ရာသီမကုန်ဆုံးမီ နောက်ထပ်(၁၂)ဂိုးသွင်းယူနိုင်ခဲ့ပါက လီဗာပူးလ် အသင်း သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူထားသည့် ဂန္ထဝင်တိုက်စစ်မှူး အီယန်ရပ်ရှ်၏စံချိန်ကို ရိုက်ချိုးနိုင်မည်ဖြစ်သည်။ အီယန်ရပ်ရှ်သည် ၁၉၈၃-၈၄ ဘောလုံးရာသီက တစ်ရာသီအတွင်း ပြိုင်ပွဲစုံ(၄၇)ဂိုးသွင်းယူကာ စံချိန်တင်ထားခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းအတွက် တစ်ရာသီအတွင်း အမှတ်ပေး(ထိပ်တန်းလိဂ်)ဂိုးအများဆုံးသွင်းယူသည့်စံချိန်ကို ရိုက်ချိုးရန်မူ ဆာလာမှာ (၅)ဂိုးသာလိုအပ်တော့ကြောင်း သိရှိရသည်။ အီယန်ရပ်ရှ်သည် ၁၉၈၃ -၈၄ ဘောလုံးရာသီ ပထမတန်းပြိုင်ပွဲ(ယခု ပရီးမီးယားလိဂ်ပြိုင်ပွဲ)၌ လိဂ်ဂိုး(၃၂)ဂိုး သွင်းယူကာ စံချိန်တင်ထားခြင်းဖြစ်ပြီး ဆာလာအနေဖြင့် လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်(၇)ပွဲ၌ (၅)ဂိုးသွင်းယူနိုင်ပါက ယင်းစံချိန်ကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

Most Read

Most Recent