ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ယနေ့စတင်မည်ဖြစ်ပြီး မြန်မာအသင်း ထိုင်းနှင့် ကစားရမည်

ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ယနေ့စတင်မည်ဖြစ်ပြီး မြန်မာအသင်း ထိုင်းနှင့် ကစားရမည်
Published 15 August 2017

၂၀၁၇ ခုနှစ် (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို သြဂုတ် ၁၅ ရက် (ယနေ့) စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် လက်ရှိချန်ပီယံ ထိုင်းအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲကို အိမ်ရှင်မလေးရှားအသင်း အပါအဝင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ အုပ်စုပထမနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် ၂ နာရီခွဲတွင် မြန်မာအသင်းနှင့် ထိုင်းအသင်း၊ ည ၇ နာရီ ၁၅ မိနစ်တွင် အိမ်ရှင်မလေးရှားအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရန် ပြင်ဆင်မှုများစွာ ပြုလုပ်ထားပြီး ယခုနှစ်အတွင်း သုံးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ပြီးခဲ့သည့်နှစ်ကြိမ်တွင် အနိုင်ကစားနိုင်ခြင်းမရှိခဲ့ဘဲ တရုတ်ဖိတ်ခေါ်ပြိုင်ပွဲတွင် တွေ့ဆုံစဉ်က (ဝ-၃) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး မတ်လတွင် မန္တလေးမြို့၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာတွင် ဂိုးမရှိသရေကျခဲ့သည်။ မြန်မာအမျိုးသမီးအသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက ထိုင်းအသင်းကို အနိုင်ရရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒေါ်မြတ်မြတ်ဦးက “ကျွန်မတစ်ဦးတည်း သဘောအရပြောရရင် ထိုင်းအသင်းနဲ့ အဖွင့်ပွဲကစားရတာ ပိုပြီးသဘောကျပါတယ်။ ဘယ်အသင်းနဲ့မှ မကစားရသေးခင် အင်အားကြီးအသင်းတစ်သင်းနဲ့ ကစားရတာကြောင့် ကျွန်မတို့က အင်အားပြည့်ကစားနိုင်မှာပါ။ ထိုင်းနဲ့ မြန်မာက ကွာခြားမှုမရှိပါဘူး။ အမှားများတဲ့အသင်း ရှုံးသွားတာပါ။ ဒါကြောင့် ဒီပွဲမှာ အမှားနည်းသထက်နည်းအောင် ကစားသွားမှာပါ။ နည်းပြရော်ဂျာ လက်ထက်မှာ အသင်းအနေနဲ့ ပုံစံကောင်းရပြီလို့ ထင်ပါတယ်”ဟု ပြောကြားသည်။

မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့၏ပွဲကို ကွာလာလမ်ပူမြို့ရှိ UM ကွင်း၌ ကျင်းပမည်ဖြစ်ပြီး ပရိသတ် ၁၀၀၀ သာ ဝင်ဆံ့သည့်ကွင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent