ချန်ပီယံလိဂ်မှ ထွက်ရခြင်းမှာ ကမ္ဘာကြီး၏ အဆုံးသတ် မဟုတ်ဟု မော်ရင်ဟိုတုံ့ပြန်

ချန်ပီယံလိဂ်မှ ထွက်ရခြင်းမှာ ကမ္ဘာကြီး၏ အဆုံးသတ် မဟုတ်ဟု မော်ရင်ဟိုတုံ့ပြန်
Published 15 March 2018

Photo: AFP

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာရခြင်းမှာ မထူးဆန်းသလို ဆီဗီလာနှင့်ရလဒ်မှာလည်း ကမ္ဘာကြီး အဆုံးသတ်သွားခြင်းမဟုတ်ကြောင်း တုံ့ပြန်ပြောကြားသည်။

မန်ယူအသင်းသည် ၁၆ သင်းအဆင့် ပထမအကျော့အဝေးကွင်းပွဲတွင် ဂိုးမရှိသရေ ရလဒ်သာရယူနိုင်သလို အိမ်ကွင်းတွင်လည်း ဆီဗီလာအား ခြေစွမ်းအသာမရဘဲ (၁-၂)ဂိုး ဖြင့် ရှုံးနိမ့်ပြီး ထွက်ခဲ့ရသည်။ ထို့ကြောင့် မော်ရင်ဟို၏ နည်းဗျူဟာပိုင်းအပေါ် ဝေဖန်မှုများ ရှိနေရာ ၎င်းက “အရင်တုန်းက ဒီထိုင်ခုံမှာပဲ ကျွန်တော် နှစ်ကြိမ်ထိုင်ခဲ့ဖူးတယ်။ ပေါ်တိုနဲ့တုန်းက မန်ချက်စတာယူနိုက်တက် ထွက်ခဲ့ရသလို ရီးယဲလ်မက်ဒရစ်ကို ကိုင်တော့လည်း မန်ချက်စတာယူနိုက်တက် ထွက်ခဲ့ရတာပဲ။ ဒါကြောင့် ဒီပြိုင်ပွဲက ထွက်ရတယ်ဆိုတာ အသင်းအတွက် အသစ်အဆန်းဖြစ်နေမယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒီရလဒ်အတွက် ပူဆွေးနေမှာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ ၂၄ နာရီထက်ပိုပြီး ဝမ်းနည်းပူဆွေးဖို့ အချိန်မရှိပါဘူး။ ဘောလုံးဆိုတာ ဒါပါပဲ။ ဒါက ကမ္ဘာကြီး အဆုံးသတ်သွားတာလည်း မဟုတ်ပါဘူး” ဟု တုံ့ပြန်ပြောကြားသည်။

သို့သော် BT ရုပ်သံဌာနတွင် ဘောလုံး ဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူ အသင်းကစားသမားဟောင်း ပေါလ်စခိုးလ်က ယူနိုက်တက်အနေဖြင့် ပထမအကျော့တွင် နိုင်ပွဲရယူလိုစိတ် မရှိခဲ့သလို ဒုတိယအကျော့တွင်လည်း နိုင်ပွဲရရှိရန်၊ ဂိုးသွင်းယူနိုင်ရန် မကြိုးစားခဲ့ကြောင်း ဝေဖန်ပြောကြားသည်။ ထို့ပြင် နောက်ခံလူဟောင်း ရီယိုဖာဒီနန်ကလည်း ဥရောပတွင် ယူနိုက်တက်အတွက် နေရာမရှိတော့ဟု သုံးသပ်ပြောကြားသည်။