၂၀၁၇ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ၏ ပထမဆုံးသွင်းဂိုးကို မြန်မာတိုက်စစ်မှူး အောင်သူ သွင်းယူနိုင်ခဲ့

၂၀၁၇ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ၏ ပထမဆုံးသွင်းဂိုးကို မြန်မာတိုက်စစ်မှူး အောင်သူ သွင်းယူနိုင်ခဲ့
Published 15 August 2017

ဆီးဂိမ်းစ်အဖွင့် ဂိုးသွင်းယူခဲ့သည့် အောင်သူ အောင်ပွဲခံနေစဉ်

မြန်မာ ယူ-၂၂ အသင်းတိုက်စစ်မှူး အောင်သူသည် ၂၀၁၇ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ၏ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။ အောင်သူသည် စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုအဖွင့်ပွဲတွင် ၄၅ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။

အောင်သူသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပထမဆုံး ပါဝင်ခွင့်ရခြင်းဖြစ်ပြီး ပထမဆုံးပွဲမှာပင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အောင်သူသည် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၂၀ အသင်း၏ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းတွင်လည်း တောက်လျှောက် ပါဝင်ခွင့်ရနေသူဖြစ်သည်။ စင်ကာပူနှင့်ပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည့် အောင်သူက “အသင်းအတွက် အရေးပါတဲ့ပွဲမှာ နှစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကစားဖော်တွေအားလုံးရဲ့ ကြိုးပမ်းမှုကြောင့် အနိုင်ရခဲ့တာပါ။ အခုပွဲအနိုင်ရခဲ့ပေမယ့် ဆီမီးဖိုင်နယ် တက်ရောက်ပြီလို့တော့ ပြောလို့မရသေးပါဘူး။ နောက်ထပ်သုံးပွဲ ကစားဖို့ ကျန်ပါသေးတယ်။ လာအိုနဲ့ ဘရူနိုင်းအသင်းတို့ ပွဲတွေမှာလည်း အနိုင်ရအောင် ကြိုးစားသွားမှာပါ။ သူတို့ခံစစ်က မာကျောပေမယ့် အားနည်းချက် ရှိပါတယ်။ အနိမ့်ဘောတွေ အားနည်းတာကြောင့် အနီးပေးတွေ၊ တွဲလုံးတွေနဲ့ ထိုးဖောက် တိုက်စစ်ဆင်ခဲ့တာပါ” ဟု Eleven Media Group အကြီးတန်းသတင်းထောက် ကိုညီညီစိုးညွန့်၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့သည်။

အောင်သူသည် မြန်မာ ယူ-၂၂ အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်ပြီး ပြိုင်ဘက်အသင်းများ၏ အဓိကထိန်းကပ်ကစားခြင်းကို ခံခဲ့ရသူဖြစ်သည်။ အောင်သူသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ယူ-၂၂ အသင်းတို့တွင် ခြေစွမ်းပြကာ ဂိုးများသွင်းယူနိုင်ခဲ့ပြီး အဖွင့်ပွဲမှာပင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် သွင်းဂိုးအများဆုံးအတွက်ပါ ရေပန်းစားလာခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပထမပွဲတွင် အောင်သူကို ပွဲချိန်ပြည့် အသုံးပြုခဲ့ပြီး အခြားကစားသမားသုံးဦးကိုသာ လူစားလဲခဲ့သည်။

Most Read

Most Recent