■ ဂျေမီကာရေဂါအား Sky Sports ရုပ်သံတာဝန်မှ ရပ်ဆိုင်း၊ ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးနေပြီး ထောင်ဒဏ်အထိ ကျခံရဖွယ်ရှိဟုဆို

■ ဂျေမီကာရေဂါအား Sky Sports ရုပ်သံတာဝန်မှ ရပ်ဆိုင်း၊ ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးနေပြီး ထောင်ဒဏ်အထိ ကျခံရဖွယ်ရှိဟုဆို
Published 15 March 2018

 

 

Photos: Daily Mail

 

ဗြိတိန်ရှိ နာမည်ကြီးရုပ်သံ Sky Sports သည် လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း ဂျေမီကာရေဂါအား ရုပ်သံအစီအစဉ်တင်ဆက်သူတာဝန်မှ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ ကာရေဂါသည် မန်ယူ(၂-၁)လီဗာပူးလ် ပွဲစဉ်အပြီးတွင် သူ့အား စနောက်သော အသက်(၁၄)နှစ်အရွယ် အမျိုးသမီးပရိသတ်တစ်ဦးကို တံတွေးဖြင့် ထွေးခဲ့ခြင်းဖြစ်သည်။

အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်းမှ ကားဖြင့်ထွက်လာသော ကာရေဂါအား ယင်းအမျိုးသမီးက " ၂-၁၊ ၂-၁၊ ကံမကောင်းတဲ့ ဂျေမီရေ ၂-၁" ဟု စနောက်ခဲ့ရာ ကာရေဂါက သူ၏ကားပြတင်းပေါက်မှ ဒေါသတကြီး တံတွေးဖြင့် လှမ်းထွေးခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်ကို ယင်းမိန်းကလေး၏ဖခင်ဖြစ်သူက မိုဘိုင်းဖုန်းကင်မရာဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့သွားခဲ့ရာ ကာရေဂါမှာ ပြစ်တင်ဝေဖန်မှု များစွာကို ခံခဲ့ရသည်။ နောက်ပိုင်းတွင် ယင်းမိန်း ကလေးငယ်၏ဖခင်ဖြစ်သူ မစ္စတာ ဟုချ်က ယင်း ဖြစ်ရပ်ကြောင့် မိမိတို့မိသားစုအား အသက်အန္တ ရာယ်ခြိမ်းခြောက်မှုများရှိခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ကာရေဂါက ယင်းဖြစ်ရပ်တွင် မိမိ၌သာ အပြည့်အဝတာဝန်ရှိကြောင်း၊ ယင်းမိသားစုကို ပြ ဿနာမရှာရန် သူ၏ Twitter စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့သည်။ " ကျွန်တော် ကြီးမားတဲ့အမှား ကျူးလွန်ခဲ့တာပါ။ ဒီအတွက် အပြည့်အဝတာဝန်ယူသွားပါမယ်။ ဒီဖြစ်ရပ်မှာ အပြစ်တင်ထိုက်တဲ့သူက ကျွန်တော်တစ်ဦးတည်းပါ။ ကျေးဇူးပြုပြီး ဒီမိသားစုကို ဘာပြဿနာမှ မရှာပါနဲ့" ဟု ကာရေဂါက ရေးသားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ရဲတပ်ဖွဲ့သည် အသက်(၄၀)အ ရွယ် ကာရေဂါအား ယင်းတံတွေးဖြင့်ထွေးခဲ့သော လုပ်ရပ်အတွက် စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ပြစ်မှုထင်ရှားပါက ကြီးလေးသည့် ဒဏ်ငွေတစ် ရပ်ဖြစ်စေ၊ ထောင်ဒဏ်(၆)လအထိဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။

ယင်းဖြစ်ရပ်ဖြစ်ပွားချိန်မှာ ကာရေဂါနှင့် မစ္စတာ ဟုချ်တို့ ကားချင်းယှဉ်မောင်းနေ သည့်အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မန်ယူပရိ သတ်တစ်ဦးဖြစ်သူ မစ္စတာ ဟုချ်ကိုယ်တိုင်မှာ လည်း ယာဉ်မောင်းနေစဉ် မိုဘိုင်းဖုန်းကိုကိုင် ဆောင်ကာ ဗီဒီယိုရိုက်ကူးသည့်လုပ်ရပ်အတွက် ဒဏ်ငွေပေါင်(၂၀၀)နှင့် ယာဉ်မောင်းလိုင်စင်တွင် ရမှတ်(၆)မှတ် လျှော့ချခံရမည့်ပြစ်ဒဏ်ကျခံရဖွယ်ရှိကြောင်း Daily Mail သတင်းစာက ဖော် ပြခဲ့သည်။

Sky Sports ရုပ်သံတွင် ရုပ်သံတင်ဆက်သူ ပြုလုပ်ခြင်းအတွက် ကာရေဂါသည် တစ်နှစ်လျှင် ပေါင်တစ်သန်းရရှိနေပြီး ၎င်းင်းအား ရာသီကုန်အထိ တာဝန်မှ ရပ်ဆိုင်းထားကြောင်း Sky Sports ရုပ်သံတာဝန်ရှိသူများက ကြေညာခဲ့သည်။ ထို့ ပြင် လာမည့်ရာသီတွင် ၎င်းနှင့် ဆက်လက်လက်တွဲခြင်းပြု၊ မပြုဆိုသည်ကို ပြန်လည်စဉ်းစားသုံးသပ်သွားမည်ဖြစ်ကြောင်းလည်း ယင်းကြေညာချက်တွင် ဖော်ပြခဲ့သည်။

Most Read

Most Recent