<

ဆီဗီလာကို အိမ်ကွင်းမှာ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်က ထွက်ခဲ့ရတဲ့ မန်ယူ

Photo: PA
Photo: Reuters
PHoto: Shutterstock

ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ မန်ယူအသင်းက ဆီဗီလာအသင်းကို အိမ်ကွင်းမှာ (၁-၂)ဂိုးနဲ့ရှုံးနိမ့်ပြီး ထွက်ခဲ့ရပါတယ်။

မန်ယူအသင်းဟာ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့လူစာရင်းကို အနည်းငယ် အပြောင်းအလဲလုပ်ခဲ့ပြီး မက်တွမ်မီနေး၊ မာတာတို့အစား ဖယ်လေနီ၊ လင်ဂတ်တို့ကို ကစားစေခဲ့ပါတယ်။

ဆီဗီလာအသင်းကတော့ ပထမအကျော့က အိမ်ကွင်းမှာ မန်ယူအသင်းကို အခွင့်အရေးမပေးခဲ့သလိုပဲ အိုးလ်ထရက်ဖို့ဒ်မှာလည်း အိမ်ရှင် မန်ယူအသင်းကို အခက်တွေ့စေခဲ့ပါတယ်။

ဆီဗီလာ ကွင်းလယ်လူ ဘာနီဂါက ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းကစားခဲ့ပြီး ပထမပိုင်းမှာ ဘောလုံးပေးပို့မှု (၅၂)ကြိမ်မှာ (၄၉)ကြိမ်အထိ အောင်မြင်ခဲ့ပါတယ်။

မန်ယူအသင်းကတော့ လူကာကူနဲ့ ဖယ်လေနီဆီ တိုက်ရိုက်ကန်တင်ပေးပို့မှုနဲ့သာ အဓိက ထိုးဖောက်ခဲ့ပြီး ထိရောက်မှုမရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာ မန်ယူအသင်း အခွင့်အရေးတချို့ရလာပေမယ့် ဆီဗီလာ ဂိုးသမား ဆာဂျီယိုရစ်ကို ကာကွယ်နိုင်ခဲ့သလို၊ ဆီဗီလာ နောက်တန်းကလည်း ပိတ်ဆို့ရှင်းလင်းသွားနိုင်ခဲ့ပါတယ်။

မန်ယူအသင်းက (၆၀)မိနစ်မှာ ဖယ်လေနီအစား ပေါ့ဘာကို ထည့်သွင်းခဲ့ပေမယ့် ကစားပုံထူးထူးခြားခြား ကောင်းမလာပါဘူး။

ဆီဗီလာကတော့ မှန်ကန်တဲ့ လူစားလဲမှု ပြုလုပ်နိုင်ခဲ့ပြီး (၇၂)မိနစ်မှာ တိုက်စစ်မှူး မွန်ရီယဲလ်အစား ဘင်ယက်ဒါ ၀င်လာခဲ့ပါတယ်။

ဘင်ယက်ဒါ ၀င်လာပြီး (၂)မိနစ်အကြာမှာပဲ ဆီဗီလာအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး မန်ယူအသင်း ဖိအားများသွားပါတယ်။

အဝေးဂိုး ပေးလိုက်ရတဲ့ မန်ယူအသင်းဟာ ဗလင်စီယာ၊ လင်ဂတ်တို့အစား မာတာ၊ မာစီယဲလ်တို့ကို ထည့်သွင်းကာ တိုက်စစ်မြှင့်ခဲ့ပေမယ့် သူတို့ဝင်လာပြီး သိပ်မကြာခင် (၇၈)မိနစ်မှာ ဘင်ယက်ဒါက ထောင့်ကန်ဘောကတစ်ဆင့် ဒုတိယဂိုး သွင်းယူသွားခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ လက်ကျန်မိနစ်တွေမှာ ဂိုးရဖို့အသည်းအသန် ကြိုးစားခဲ့ပေမယ့် လွဲချော်မှုများခဲ့ပြီး (၈၄)မိနစ်မှာ လူကာကူ သွင်းယူတဲ့ဂိုး တစ်ဂိုးသာ ရရှိခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ရှုံးပွဲက ဒီရာသီ ချန်ပီယံလိဂ်မှာ အင်္ဂလန်ကလပ်အသင်းအနေနဲ့ စပိန်ကလပ်အသင်းကို ပထမဆုံး ရှုံးနိမ့်မှု ဖြစ်ခဲ့ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ အင်္ဂလန်နဲ့ စပိန်ကလပ်အသင်းတွေ (၉)ကြိမ်တွေ့ဆုံထားပြီး အင်္ဂလန်ကလပ် (၂)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၁)ပွဲရှုံးခဲ့တာပါ။

ရိုးမားနဲ့ ရှက်တာဒိုးနက်တို့ ပွဲမှာတော့ ရိုးမားက (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း (၂-၂)ဂိုး ဖြစ်ခဲ့ပေမယ့် အဝေးဂိုးနဲ့ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။ ရိုးမားအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး ဂျက်ကိုက (၅၂)မိနစ်မှာ သွင်းယူပေးခဲ့တာပါ။

■ ချန်ပီယံလိဂ်ရလဒ်များ
မန်ယူ ၁-၂ ဆီဗီလာ
(နှစ်ကျော့ပေါင်း ၂-၁ ဂိုးဖြင့် ဆီဗီလာ တက်)
ရိုးမား ၁-၀ ရှက်တာဒိုးနက်
(နှစ်ကျော့ပေါင်း ၂-၂ ဂိုး၊ အဝေးဂိုးဖြင့် ရိုးမား တက်)

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
အက်စတွန်ဗီလာ ၁-၃ QPR
ဘန်စလေ ၁-၁ နောဝစ်ခ်ျ
ဘရန့်ဖို့ဒ် ၁-၃ ကာဒစ်ဖ်
အစ်ဝစ်ခ်ျ ၀-၃ ဟားလ်စီးတီး
ရှက်ဖီးယူနိုက်တက် ၂-၀ ဘာတန်
ဝုလ်ဗ် ၃-၀ ရက်ဒင်း

March 14, 2018














Copy Protected by Chetan's WP-Copyprotect.