စပိန်ဘုရင့်ဖလားပြိုင်ပွဲကို ပုံစံပြောင်းရန် ဘာစီလိုနာအသင်း တောင်းဆို

စပိန်ဘုရင့်ဖလားပြိုင်ပွဲကို ပုံစံပြောင်းရန် ဘာစီလိုနာအသင်း တောင်းဆို
Published 13 March 2018

Photo: AS

ဘာစီလိုနာအသင်းသည် စပိန်ဘုရင့်ဖလားပြိုင်ပွဲကို ပုံစံပြောင်းလဲ၍ကျင်းပရန် တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

စပိန်လာလီဂါနှင့် ဆီဂန်ဒါမှ ကလပ်အသင်းဥက္ကဋ္ဌများသည် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌရွေးကောက်ပွဲတွင် အစည်းအဝေးပြုလုပ်ခဲ့စဉ်အတွင်း ဘာစီလိုနာအသင်းတာဝန်ရှိသူများက စပိန်ဘုရင့်ဖလားပြိုင်ပွဲကို ပြောင်းလဲကျင်းပရန် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘာစီလိုနာအသင်းက အင်္ဂလန်မှ FA ဖလားပြိုင်ပွဲနှင့် အီတလီမှ ကိုပါအီတာလီယာဖလားပြိုင်ပွဲများကို အတုယူပြီး ပြောင်းလဲပြင်ဆင်ရန် အကြံပြုခဲ့ခြင်းဖြစ်သည်။

စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် လာလီဂါအသင်းများမှာ ရှုံးထွက်(၃၂)သင်းအဆင့်၌ စတင်ကစားရပြီး ဆီမီးဖိုင်နယ်အဆင့်အထိ အိမ်ကွင်းအဝေးကွင်း နှစ်ကျော့ကစားရသည်။

ဘာစီလိုနာအသင်းက ယင်းပုံစံအစား လာလီဂါထိပ်သီး(၈)သင်းကို ကိုပါအီတာလီယာဖလားပြိုင်ပွဲကဲ့သို့ ရှုံးထွက်(၁၆)သင်းအဆင့်ရောက်မှ စတင်ယှဉ်ပြိုင်စေရန်နှင့် အသင်းကြီးများ၏ အိမ်ကွင်းတွင်သာ တစ်ကျော့တည်း ယှဉ်ပြိုင်ကစားစေရန်၊ ဆီမီးဖိုင်နယ်ကိုမူ နှစ်ကျော့ယှဉ်ပြိုင်ကစားစေရန် အကြံပြုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စပိန်စူပါဖလားပြိုင်ပွဲကိုလည်း အင်္ဂလန်မှ ကွန်မြူနတီဒိုင်းနှင့် အီတလီမှ စူပါကိုပါအီတာလီယာဖလားပွဲများနည်းတူ တစ်ကျော့တည်းသာ ယှဉ်ပြိုင်ကစားရန် အဆိုပြုခဲ့ကြောင်း သိရှိရသည်။