အငြင်းပွားမှုများ ရှိနေသည့် VAR စနစ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အသုံးပြုရန် IFAB ထောက်ခံ

အငြင်းပွားမှုများ ရှိနေသည့် VAR စနစ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အသုံးပြုရန် IFAB ထောက်ခံ
Published 5 March 2018

ရုရှားနိုင်ငံ၌ ကျင်းပသည့် ၂၀၁၇ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် VAR စနစ် စမ်းသပ်အသုံးပြုစဉ် (Photo: AFP)

နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်များ ဘုတ်အဖွဲ့ (IFAB) သည် အငြင်းပွားမှုများ ရှိနေသည့် VAR (ဗီဒီယို အကူဒိုင်လူကြီး) စနစ်အား ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အသုံးပြုရန် ထောက်ခံချက် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

မတ် ၃ ရက်က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ ကျင်းပသည့် IFAB အစည်းအဝေးတွင် ထောက်ခံချက်ပေးခဲ့ခြင်းဖြစ်ပြီး မတ် ၁၅၊ ၁၆ ရက်တွင် ကိုလံဘီယာနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကောင်စီ အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်မည် ဖြစ်သည်။ “VAR က ဘောလုံးလောကအတွက် ကောင်းမွန်တယ်လို့ ကျွန်တော်တို့ ကောက်ချက်ချပါတယ်။ ကောင်စီအစည်းအဝေးမှာလည်း ဒီဆုံးဖြတ်ချက်ကို အတည်ပြု နိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု အင်ဖန်တီနိုက သတင်းထောက်များအား ပြောကြားသည်။ VAR စနစ်သည် အငြင်းပွားဖွယ် သွင်းဂိုး၊ ပယ်နယ်တီပေးရမည့်ဖြစ်ရပ်၊ တိုက်ရိုက်အနီကတ်ပြသခြင်းနှင့် လူမှားယွင်း၍ ပြစ်ဒဏ်ပေးမိခြင်း စသည့်အချက်လေးချက် နှင့် ငြိစွန်းကြောင်း သံသယဖြစ်ဖွယ်အခြေအနေရှိပါ က အသုံးပြုရမည်ဖြစ်ပြီး ယခုရာသီဘွန်ဒစ်လီဂါနှင့် စီးရီးအေပြိုင်ပွဲ၌ စတင် အသုံးပြုလျက်ရှိသလို လာလီဂါပြိုင်ပွဲတွင်လည်း လာမည့်ရာသီမှစ၍ အသုံးပြုရန် လေ့ကျင့်မှု ပြုလုပ်နေပြီဖြစ်သည်။ ထို့ပြင် အင်္ဂလန်နိုင်ငံရှိ FA ဖလားနှင့် လိဂ်ဖလားပွဲစဉ် အချို့တွင်လည်း စမ်းသပ်အသုံးပြုလျက်ရှိသည်။ နည်းပြများနှင့် ကစားသမားအချို့က ဒိုင်လူကြီးများသည် နည်းပညာ အကူအညီရယူရန် ဆန္ဒပြင်းပြလျက်ရှိကြောင်း ဝေဖန် ပြောကြားသလို ယင်းစနစ်ကြောင့် ပွဲ၏အရှိန်အဟုန် ရပ်တန့်သွားခြင်း၊ သွင်းဂိုးအား ပြန်လည်စစ်ဆေးနေသဖြင့် အောင်ပွဲခံရာတွင် အနှောင့်အယှက်ဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။ ထို့ပြင် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ဆယ်ဖာရင်ကလည်း အငြင်းပွားဖွယ်အခြေအနေများကြောင့် လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ VAR စနစ် အသုံးပြုမည်မဟုတ်ကြောင်း ပြောကြားထားသည်။

သို့သော် အင်ဖန်တီနိုက “IFAB က ပွဲစဉ် ၁၀၀၀ ကို လေ့လာထားချက်အရ VAR မသုံးဘဲ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်မှန်ကန်မှုက ၉၃ ရာခိုင်နှုန်းရှိပြီး ဗီဒီယိုအကူနည်းပညာနဲ့ဆိုရင် ၉၉ ရာခိုင်နှုန်းအထိ မြင့်တက်လာတာ တွေ့ရတယ်။ VAR နဲ့ဆိုရင် ရာနှုန်းပြည့်နီးပါး မှန်ကန်လာတယ်။ ဒိုင်လူကြီးတွေအနေနဲ့ ကမ္ဘာ့ဖလားမှာ ဒီစနစ်အသုံးပြုဖို့ အဆင်သင့် ဖြစ်နေမှာပါ” ဟု တုံ့ပြန်ပြောကြားသည်။

Most Recent