ရေခဲသည်အထိအေးနေသဖြင့် အိမ်ခြေရာမဲ့များအား ဆန်းဒါးလန်းအသင်း၏ကွင်း၌ ခိုလှုံခွင့်ပြု

ရေခဲသည်အထိအေးနေသဖြင့် အိမ်ခြေရာမဲ့များအား ဆန်းဒါးလန်းအသင်း၏ကွင်း၌ ခိုလှုံခွင့်ပြု
Published 5 March 2018

ဆန်းဒါးလန်းအသင်း၏ကွင်းအပြင်ဘက်၌ ရေများခဲနေသည်ကို မတ် ၂ ရက်က တွေ့ရစဉ် (Photo: Getty Images)

လိဂ်ချန်ပီယံရှစ်ကလပ် ဆန်းဒါးလန်းအသင်းသည် အင်္ဂလန်နိုင်ငံ အပါအဝင် ဥရောပတိုက်တစ်ဝန်း ကြုံတွေ့နေရသည့် အပူချိန်ကျဆင်းမှု အခြေအနေကြောင့် ဒေသခံအိမ် ခြေရာမဲ့များအား Stadium of Light ကွင်းအတွင်း ခိုလှုံခွင့်ပြုထားကြောင်း သိရသည်။

အပူချိန် အလွန်အမင်းကျဆင်းမှုကြောင့် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ဥရောပတိုက်တစ်ဝန်း လူ ၆၀ ကျော် သေဆုံးခဲ့ပြီး အင်္ဂလန်နိုင်ငံတွင်လည်း အရှေ့မြောက်ပိုင်းဒေသသည် ရာသီဥတုဒဏ် အဆိုးရွားဆုံးခံရကာ နေရာအနှံ့အပြားရေများခဲနေကြောင်း သိရသည်။ ထို့ကြောင့် ဆန်းဒါးလန်းအသင်းသည် ကွင်းအနောက်တောင်ထောင့်ရှိ အခန်းတစ်ခုကို ပူနွေးနေစေရန်ပြင်ဆင်၍ အိမ်ခြေရာမဲ့များအား ခိုလှုံခွင့်ပြုထားခြင်းဖြစ်သည်။ ယင်းအခန်း၌ လူ ၁၂ ဦးအထိ နေထိုင်နိုင်သည့်အပြင် တိရစ္ဆာန်များလည်း ခေါ်ယူခွင့်ပြုထားပြီး ပူနွေးသည့် အစားအစာနှင့် သောက်စရာများကိုလည်း လှူဒါန်းထားသည်။ ယင်းအခန်းအား မတ် ၂ ရက်မှ ၅ ရက် ဗြိတိန်စံတော်ချိန် နံနက် ၉ နာရီအထိအသုံး ပြုခွင့်ပေးထားပြီး ရာသီဥတုအခြေအနေပေါ်မူတည်၍ အချိန်ထပ်တိုး နေထိုင်ခွင့်ပြုဖွယ်ရှိကြောင်း သိရသည်။ ထို့ပြင် ဆန်းဒါးလန်းအသင်းသည် အိမ်ခြေရာမဲ့များအတွက် အစားအသောက်၊ အဝတ်အထည်များ လှူဒါန်းနိုင်ကြောင်း တိုက်တွန်း လှုံ့ဆော်ထားသည်။

ကွင်းအတွင်းရှိ မြက်ခင်းပြင်တွင်လည်း ရေခဲများထူထပ်စွာကျဆင်းနေသဖြင့် ဝန်ထမ်းများသည် အနွေးထည်များဝတ်ဆင်၍ နှင်းများအား ဖယ်ရှားခဲ့ရပြီး အသင်းအမှုဆောင်ချုပ် မာတင်ဘိန်းနှင့် နည်းပြ ဖြစ်သူ ခရစ္စကိုးလ်မန်းက ၎င်းတို့အား ဘီယာ၊ ချောကလက်နှင့် မုန့်များ လက်ဆောင်ပေးအပ်ခဲ့သည်။

Most Read

Most Recent