နည်းပြဘ၀ ပထမဆုံးလိဂ်ဖလားရယူပြီး ပရိသတ်များပျော်ရွှင်စေရမည်ဟု အာစင်ဝင်းဂါးကြုံးဝါး

နည်းပြဘ၀ ပထမဆုံးလိဂ်ဖလားရယူပြီး ပရိသတ်များပျော်ရွှင်စေရမည်ဟု အာစင်ဝင်းဂါးကြုံးဝါး
Published 25 February 2018

Photo: telegraph

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ဖေဖော်ဝါရီ ၂၅ ရက်တွင် ယှဉ်ပြိုင်ကစားရမည့် လိဂ်ဖလား ဗိုလ်လုပွဲ၌ မန်စီးတီးအသင်းကို အနိုင်ရဗိုလ်စွဲပြီး ပရိသတ်များ ပျော်ရွှင်စွာဖြင့် အိမ်ပြန်ရမည်ဟု ကြုံးဝါးပြောဆိုသည်။

အာစင်ဝင်းဂါး (၆၈ နှစ်)သည် အာဆင်နယ်နည်းပြဘ၀ ၂၂ နှစ်အတွင်း လိဂ်ဖလား ဗိုလ်လုပွဲသို့ တတိယအကြိမ်တက်ရောက်ဖူးခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် ချယ်လ်ဆီးနှင့် ၂၀၁၁ ခုနှစ်တွင် ဘာမင်ဂမ်အသင်းတို့ကို ရှုံးနိမ့်ကာ ချန်ပီယံဖလား တစ်ကြိမ်မျှမရဖူးသေးကြောင်း သိရသည်။

ဗိုလ်လုပွဲကို ဝင်ဘလေကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၃ ရက်ကပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အာစင်ဝင်းဂါးက "ပထမဆုံးပြောချင်တာက ကျွန်တော်တို့အနေနဲ့ သူတို့ကို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ အသေအချာယုံကြည်ထားတယ်ဆိုတာပါပဲ။ ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်လာမှာသေချာပြီး အခွင့်အရေးရသမျှ တိုက်စစ်အသားပေးကစားမှာပါ။ ကျွန်တော်တို့က ရေပန်းစားတဲ့အသင်းမဟုတ်ပေမဲ့ ကိုယ့်ရဲ့အရည်အသွေးကို ယုံကြည်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဗိုလ်လုပွဲတွေ အများကြီးယှဉ်ပြိုင်ဖူးလို့ ဒီနေ့ပွဲက ဘယ်လောက်အရေးကြီးလဲဆိုတာ သိပါတယ်။ ဝင်ဘလေမှာကစားရတဲ့ ပွဲတိုင်းကလည်း ကျွန်တော်တို့အတွက် ရလဒ်ကောင်းတတ်ပါတယ်။ ပုံမှန်ကစားနေကျ ကစားသမားအားလုံးနဲ့ ယှဉ်ပြိုင်မှာပါ။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ အနိုင်ရချင်ပါတယ်။ ပရိသတ်တွေကိုလည်း ပျော်ရွှင်စွာနဲ့ပဲ အိမ်ပြန်စေချင်ပါတယ်"ဟု ပြောကြားသည်။

ထို့ပြင် ၎င်းက မန်စီးတီး အသင်းအား တစ်ဦးချင်းထက် အသင်းလိုက် ထိန်းချုပ်နိုင်ရန်သာ ပြင်ဆင်ထားသည်ဟု ဆက်လက်ပြောကြားသည်။ အာဆင်နယ်အသင်းတွင် ဒဏ်ရာရထားသည့် လာကာဇက်နှင့် Cup-tied ကြောင့် မစ်ခီတာရီယန်တို့ ပါဝင်နိုင်မည်မဟုတ်ဘဲ အဖျားရောဂါသက်သာလာသည့် အိုဇေးလ် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent