မာချာဒိုကို ၅၆ စက္ကန့်ဖြင့် အောင်လအန်ဆန် ပွဲသိမ်းအနိုင်ယူပြီး ကစားသမားဘ၀ ဒုတိယမြောက် ကမ္ဘာ့ချန်ပီယံဆု ရယူ

မာချာဒိုကို ၅၆ စက္ကန့်ဖြင့် အောင်လအန်ဆန် ပွဲသိမ်းအနိုင်ယူပြီး ကစားသမားဘ၀ ဒုတိယမြောက် ကမ္ဘာ့ချန်ပီယံဆု ရယူ
Published 24 February 2018

အောင်လအန်ဆန်၏ ပွဲသိမ်းခြေကန်ချက်

ONE Championship မှ ကျင်းပသည့် MMA လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲကို ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပရာ အောင်လအန်ဆန် (မြန်မာ) က ဘရာဇီးလ် နိုင်ငံသား အလက်ဇန္ဒားမာချာဒိုကို ပွဲအစ ၅၆ စက္ကန့်တွင် အလဲထိုးအနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ယခုပြိုင်ပွဲတွင် အနိုင်ရသည့် အောင်လအန်ဆန်သည် ကစားသမား ဘ၀ ဒုတိယမြောက် ကမ္ဘာ့ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတို့တွင် ရယူနိုင်ခြင်းဖြစ်သည်။

MMA ကမ္ဘာ့ချန်ပီယံဆုနှစ်ခု ရယူနိုင်ခဲ့သည့် အောင်လအန်ဆန် အောင်ပွဲခံနေစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

အောင်လအန်ဆန်နှင့် မာချာဒိုတို့၏ပွဲမှာ တစ်မိနစ်မပြည့်မီမှာပင် ပွဲသိမ်းခဲ့ပြီး အောင်လအန်ဆန်၏ ညာခြေကန်ချက်မှာ မာချာဒို၏ နားထင်ကိုထိမှန်ကာ အနိုင်ရခဲ့ ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ယခုပွဲအတွက် ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ခြေကန်ချက်၊ လက်သီးများဖြင့်သာ ထိုးသတ်ခဲ့ပြီး ခြေကန်ချက်ဖြင့် ပွဲသိမ်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ဒုတိယမြောက် ကမ္ဘာ့ချန်ပီယံဆုရခဲ့သည့် အောင်လအန်ဆန်က “မမေ့နိုင်စရာ ညတစ်ညပါ။ တစ်ခဲနက်အားပေးခဲ့တဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။

ကမ္ဘာ့ချန်ပီယံဆုကို ဝိတ်တန်းနှစ်ခုမှာ ရရှိထားပြီးဖြစ်တဲ့အတွက် အခုထက်ပိုပြီး ကြိုးစားမှာပါ။ ကမ္ဘာ့ချန်ပီယံဆုတွေကို ကာကွယ်နိုင်အောင် ကြိုးစားမှာပါဟု” ပြောကြားသည်။

ယခုပြိုင်ပွဲတွင် တွဲဆိုင်းကိုးပွဲ ထည့်သွင်းကျင်းပခဲ့ပြီး အောင်လအန်ဆန်ပြီးနောက် မြန်မာကစားသမားများအနက် အလားအလာအရှိဆုံး ကစားသမားဖြစ်သည့် ဖိုးသော်သည် ပြိုင်ဘက် ကမ္ဘောဒီးယားနိုင်ငံသား ဆိုဆေးကို ပထမအချီ ၁ မိနစ် ၅၃ စက္ကန့်တွင် အလဲထိုး အနိုင်ရခဲ့သည်။ ဖိုးသော်သည် ပြည်ပကစားသမားနှင့် ပထမဆုံးထိုးသတ်သည့်ပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့ပြီး MMA ကစားသမားဘ၀ ခြောက်ပွဲဆက် အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။ ဖိုးသော်သည် ဆိုဆေးကို ခြေကန်ချက်ဖြင့် အလဲထိုးအနိုင်ရခဲ့ခြင်းဖြစ်ပြီး ယခုပွဲအနိုင်ရလဒ်ကြောင့် ခါးပတ်လုပွဲ ထိုးသတ်ခွင့်ရရန် နီးစပ်လာခဲ့သည်။ မြန်မာကစားသမားများ၏ တွဲဆိုင်းများတွင် အမျိုးသားပွဲ၌ ရဲသွေးနီက စောမင်းမင်းကို အမှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးပွဲ၌ အန်တိုနီရာက ရွှေစင်ကို ပထမအချီတွင်လည်းကောင်း အနိုင်ရခဲ့သည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့်နှစ်ဆန်းပိုင်းတွင် ရှုံးပွဲကြုံတွေ့ပြီးနောက်ပိုင်း သုံးပွဲဆက် အနိုင်ရခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent