အောင်လအန်ဆန်၏ ကမ္ဘာ့ချန်ပီယံလုပွဲပါဝင်မည့် MMA ပြိုင်ပွဲ ယနေ့ကျင်းပမည်

အောင်လအန်ဆန်၏ ကမ္ဘာ့ချန်ပီယံလုပွဲပါဝင်မည့် MMA ပြိုင်ပွဲ ယနေ့ကျင်းပမည်
Published 23 February 2018

မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ဘရာဇီးလ်နိုင်ငံသား အလက်ဇန္ဒားမာချာဒိုတို့၏ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲပါဝင်မည့် MMA ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက် (ယနေ့) ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် တွဲဆိုင်းတစ်ပွဲ ထပ်တိုးလာပြီး စုစုပေါင်းကိုးပွဲ ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲ ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် မာချာဒိုတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို Quest For Gold အမည်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးတွဲဆိုင်း နှစ်ပွဲ၊ အမျိုးသားတွဲဆိုင်း ခုနစ်ပွဲပါဝင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာကစားသမား ခြောက်ဦးဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် ဖိုးသော်သည် ပြည်ပကစားသမားများနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကာ စောမင်းမင်းနှင့် ရဲသွေးနီ၊ အန်တိုနီရာနှင့် ရွှေစင်တို့ ထိုးသတ်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို Sky Net Sport-3 ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ဝင်ကြေးအဖြစ် ကျပ် ၁၀၀၀၀၊ ၂၅၀၀၀၊ ၅၀၀၀၀၊ ၁၀၀,၀၀၀၊ ၂၀၀,၀၀၀ သတ်မှတ်ထားသည်။ အောင်လအန်ဆန်သည် ကစားသမားဘ၀ ဒုတိယမြောက် ကမ္ဘာ့ချန်ပီယံဆုရရန် ကြိုးပမ်းလျက်ရှိပြီး မစ်ဒယ်ဝိတ်တန်းတွင် ပထမဆုံးကမ္ဘာ့ချန်ပီယံဆု ရရှိထားကြောင်း သိရသည်။