ဝဲလ်ဘက်ကို စာချုပ်သက်တမ်းတိုးရန် အာစင်ဝင်းဂါး ဆန္ဒရှိ

ဝဲလ်ဘက်ကို စာချုပ်သက်တမ်းတိုးရန် အာစင်ဝင်းဂါး ဆန္ဒရှိ
Published 22 February 2018

Photo: Getty Images

အာဆင်နည်နည်းပြ အာစင်ဝင်းဂါးသည် အင်္ဂလန်တိုက်စစ်မှူး ဝဲလ်ဘက်ကို စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

အာစင်ဝင်းဂါးသည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပြင်သစ်တိုက်စစ်မှူး ဂျရူးကို ချယ်လ်ဆီးအသင်းထံ ရောင်းထုတ်ခဲ့သော်လည်း ဝဲလ်ဘက်ကိုမူ ဆက်ထိန်းထားလိုခြင်းဖြစ်သည်။

ဝဲလ်ဘက်သည် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း (၁၈)လသာ ကျန်ရှိတော့သူဖြစ်ပြီး အချိန်အများစုကို အရန်ခုံ၌သာ ကုန်ဆုံးနေရသူလည်းဖြစ်သည်။

သို့သော် အာစင်ဝင်းဂါးက ဝဲလ်ဘက်သည် အသင်းအတွက် အသုံးဝင်သူဖြစ်သလို၊ အင်္ဂလန်အသင်းအနေဖြင့်လည်း လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွေးချယ်သွားသင့်သည်ဟု ဆိုခဲ့သည်။

အာစင်ဝင်းဂါးက "ကျွန်တော် သူ့ကို ကြိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက တိုက်စစ်မှူးနေရာမှာရော ဘယ်၊ ညာတောင်ပံတွေမှာပါ ကစားနိုင်တဲ့အရည်အသွေးရှိလို့ပါ။ သူက အသုံးဝင်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒီလို အသုံးဝင်တယ်ဆိုတာ အသင်းအတွက် အပေါင်းလက္ခဏာဆောင်ပါတယ်။ သူက ဟာရီကိန်းလို ဂိုးသွင်းသမားတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက အင်္ဂလန်အသင်းမှာ တောင်ပံကစားသမားအဖြစ် ဟာရီကိန်းနဲ့ ကောင်းကောင်းတွဲကစားနိုင်ပါတယ်။ သူ ရုန်းကန်ခဲ့ရတဲ့အချိန်တွေ လွန်မြောက်ပြီး ပုံစံကောင်းပြနိုင်တော့မယ်လို့ ယုံကြည်တာကြောင့် အသင်းမှာ ဆက်ထိန်းထားချင်တာပါ" ဟု ဆိုခဲ့သည်။

အာစင်ဝင်းဂါးသည် ယနေ့ည ယှဉ်ပြိုင်ကစားမည့် အူစတာဆန်းနှင့်ပွဲတွင်လည်း ဝဲလ်ဘက်ကို အသုံးပြုသွားမည်ဖြစ်ပြီး လိဂ်ဖလားဗိုလ်လုပွဲအတွက် အမာခံကစားသမားအချို့ကို အနားပေးသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

Most Read

Most Recent