နိုင်ပွဲကို လက်လွတ်စေခဲ့သည့် မှားယွင်းမှုအတွက် ခရစ္စတန်ဆန်အား ကွန်တီ အပြစ်မတင်ဘဲ ကာကွယ်ပြောဆိုခဲ့

နိုင်ပွဲကို လက်လွတ်စေခဲ့သည့် မှားယွင်းမှုအတွက် ခရစ္စတန်ဆန်အား ကွန်တီ အပြစ်မတင်ဘဲ ကာကွယ်ပြောဆိုခဲ့
Published 22 February 2018

 

 

 

Photos: AFP,Daily Mail

 

ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ် ချယ်လ်ဆီး(၁-၁)ဘာစီလိုနာပွဲ၌ အရေးပါသည့်မှားယွင်းမှုကိုပြုလုပ်ခဲ့သော နောက်ခံလူ ခရစ္စတန်ဆန်ကို ချယ်လ်ဆီးနည်းပြ ကွန်တီက အပြစ်မတင်ခဲ့ဘဲ ကာကွယ်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ယင်းပွဲတွင် ချယ်လ်ဆီးအသင်းမှာ ပွဲချိန် (၆၂)မိနစ်တွင် ဘရာဇီးလ်ကွင်းလယ်လူ ဝီလီယံ သွင်းယူသောဂိုးဖြင့် ဘာစီလိုနာအသင်းကို ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန်(၇၅)မိနစ်တွင် ဒိန်းမတ် နောက်ခံလူ ခရစ္စတန်ဆန်၏အမှားကြောင့် ဘာစီလိုနာအသင်းက ချေပဂိုးရရှိသွားခဲ့သည်။ ခရစ္စတန်ဆန်သည် ချယ်လ်ဆီးအသင်း နောက်တန်း ဘယ်ဘက်အစွန်မှ ဂိုးရှေ့ဘက်သို့ ဘောလုံးကို ပေးခဲ့ရာ ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာရရှိသွားခဲ့ပြီး ၎င်း၏ဖန်တီးမှုမှတစ်ဆင့် မက်ဆီက ချေပဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ရုပ်သံတွင် ဘောလုံးဝေဖန်သူပြုလုပ်နေသည့် မန်ယူနောက်ခံလူဟောင်း ဖာဒီနန် အပါအဝင် ဘောလုံးဝေဖန်သူများက ခရစ္စတန်ဆန်၏အမှားကို ဝေဖန်ပြောဆိုမှုများပြုလုပ်ခဲ့ကြသည်။ ဖာဒီနန်က ယင်းကဲ့သို့ ပွဲကြီးပွဲကောင်းမျိုး တွင် ခရစ္စတန်ဆန်အနေဖြင့် ယခုကဲ့သို့အမှားမျိုးကို ကျူးလွန်၍မရဟု ဝေဖန်ပြောကြားခဲ့သည်။

BT Sport ရုပ်သံတွင် ဖာဒီနန်နှင့်အတူ ဘောလုံးဝေဖန်သူပြုလုပ်နေသည့် ချယ်လ်ဆီးကွင်းလယ် လူဟောင်း ဖရန့်လမ်းပတ်ကလည်း ယင်းချေပဂိုးကြောင့် ချယ်လ်ဆီးနှင့် ဘာစီလိုနာအသင်း၏ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်မှာ ဟန်ချက်ပြောင်းလဲသွားခဲ့ကြောင်း၊ ဘာစီလိုနာအသင်းက နောက်တစ်ဆင့်သို့တက်ရန် အလေးသာသွားကြောင်း ပြောကြားခဲ့သည်။

သို့သော် ကွန်တီက သူ့အသင်း၏နောက်ခံလူ ခရစ္စတန်ဆန်အား အပြစ်မတင်ဘဲ ၎င်းဘက်မှ ကာကွယ်ပြောဆိုမှုများပြုလုပ်ခဲ့သည်။ ကွန်တီက " ဒီပွဲမှာ ခရစ္စတန်ဆန်ရဲ့ စွမ်းဆောင်ရည်က အလွန်ကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။ သူ တော်တော်ကို ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အသက်(၂၁)နှစ်အရွယ် လူငယ်လေးတစ်ဦးအကြောင်းကို ပြောနေကြတာပါ။ သူဟာ ဒီပွဲမှာ ရင့်ကျက်မှုရှိရှိနဲ့ တစ်ဦးချင်းအရည်အသွေးကို အကောင်းဆုံးဖြစ်အောင် ကစားပြနိုင်ခဲ့ပါတယ်။ ကျွန်တော် သူ့အတွက် ပျော်ရွှင်ပါတယ်။ သူဟာ ဒီပွဲရဲ့အကောင်းဆုံးကစားသမားတွေထဲမှာ တစ်ဦးအဖြစ်ပါဝင်သူပါ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent