မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ်သစ် ဦးမျိုးလှိုင်ဝင်းနှင့် တွေ့ဆုံခြင်း

မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ်သစ် ဦးမျိုးလှိုင်ဝင်းနှင့် တွေ့ဆုံခြင်း
Published 19 February 2018

 

'အောင်မြင်တဲ့အသင်းဖြစ်လာဖို့ အစွမ်းကုန် လေ့ကျင့်ပြင်ဆင်ဆောင်ရွက်မှာပါ'

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လက်ရွေးစင်အသင်းတွေရဲ့ နည်းပြချုပ်တွေကို အသစ်ခန့်အပ်ခဲ့ပြီး မြန်မာ ယူ-၁၉ အမျိုးသား အသင်းနည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ခဲ့ပါတယ်။ ဦးမျိုးလှိုင်ဝင်းဟာ မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ်အဖြစ် ဒုတိယအကြိမ် ခန့်အပ်ခံရတာဖြစ်ပြီး ကိုင်တွယ်မယ့်အစီအစဉ်တွေ၊ အောင်မြင်မှုရဖို့ ဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ပတ်သက်ပြီး The Daily Eleven က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

 

မေး - MFF ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်တာ ဘယ်လိုအကြောင်းအရာကြောင့်ပါလဲ။

ဖြေ -  ကျွန်တော့်အနေနဲ့ မြန်မာ ယူ-၁၉ အမျိုးသားအသင်းကို အရင်က ကိုင်တွယ်ခဲ့ဖူးပါတယ်။ ပထမအကြိမ် ကိုင်တွယ်တုန်းက မျှော်မှန်းထားတဲ့ အောင်မြင်မှုမျိုး မရခဲ့ပါဘူး။  ကျွန်တော့်အနေနဲ့ နောက်တစ်ကြိမ် ကိုင်တွယ်တဲ့အချိန်မှာ အောင်မြင်အောင် လုပ်ပေးချင်တယ်။ ဘောလုံးအဖွဲ့ချုပ်ကလည်း ယုံယုံကြည်ကြည်နဲ့ ကမ်းလှမ်းလာတယ်။ ကျွန်တော်ကလည်း အောင်မြင်မှုရအောင် လုပ်ချင်တယ်။ ဒါကြောင့် လက်ခံခဲ့တာပါ။

 

မေး - မြန်မာ ယူ-၁၉ အမျိုးသားအသင်းကို ဘယ်လို ပုံစံမျိုးနဲ့ ကိုင်တွယ်သွားမလဲ။

ဖြေ - လောလောဆယ်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျွန်တော့်ကို နည်းပြချုပ်အဖြစ် ခန့်အပ်တယ်လို့တော့ ကြေညာထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ တရားဝင် စာချုပ် မချုပ်ရသေးပါဘူး။ စာချုပ်ပြီးတဲ့အချိန်မှာ ကျွန်တော်လုပ်ချင်တဲ့ အစီအစဉ်တွေကို MFF ကို တင်ပြမယ်။ သူတို့ဘက်က ဖြည့် ဆည်းပေးနိုင်မှာကို ညှိနှိုင်းမယ်။ ပြီးတော့မှ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတာကို ပြောလို့ရမှာပါ။ ကျွန်တော်နဲ့ လက်တွဲလုပ်ရမယ့် နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမား ရွေးချယ်မှုတွေကို ပြန်ပြီးညှိနှိုင်းရမှာပါ။

 

မေး - ကိုမျိုးလှိုင်ဝင်းနဲ့ တွဲလုပ်ရမယ့် လက်ထောက်နည်းပြတွေနဲ့ ဂိုးနည်းပြကို စိတ်ကြိုက်ရွေးမှာလား။

ဖြေ - ကျွန်တော့်အနေနဲ့ လက်ထောက်နည်းပြ နှစ်ဦး၊ ဂိုးနည်းပြတစ်ဦး ခန့်အပ်ဖို့ စီစဉ်ထားပါတယ်။ နည်းပြအဖွဲ့ဝင်တွေကို ကျွန်တော်နဲ့ လက်တွဲလုပ်နိုင်မယ့်သူတွေကို MFF ထံ တင်ပြပါ့မယ်။ ညှိနှိုင်းပြီးဆောင်ရွက်မှာပါ။

 

မေး - မြန်မာ ကစားသမားအများစုက ပွဲချိန်ပြည့်ကစားနိုင်တဲ့ ကြံ့ခိုင်မှုမျိုးမရှိတာတွေ တွေ့ရပါတယ်။ ဒါကြောင့်  နိုင်ငံခြားသားကြံ့ခိုင်ရေးနည်းပြတွေ ခန့်အပ်လာတာရှိပါတယ်။ ကိုမျိုးလှိုင်ဝင်းကရော နိုင်ငံခြားသားကြံ့ခိုင်ရေး နည်းပြခန့်အပ်ပေးဖို့ MFF ကို တောင်းဆိုသွားဖို့ ရှိမလား။

ဖြေ - ကျွန်တော့်နည်းပြအဖွဲ့မှာ နိုင်ငံခြားသား ကြံ့ခိုင်ရေးနည်းပြ ခန့်အပ်ပေးမယ်ဆိုပြီး MFF က ပြောထားတာမရှိပါဘူး။ ကျွန်တော်ကလည်း ဒီကိစ္စကို လတ်တလောတောင်းဆိုဖို့ မရှိသေးပါဘူး။ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို နည်းပြအဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှာပါ။ ကစားသမားတွေကို လေ့ကျင့်ကြည့်ပြီးမှ ဘာတွေလိုမလဲဆိုတာ ဖြည့်ဆည်းမှာပါ။

 

မေး - ကစားသမားတွေကို ဘယ်လိုရွေးချယ်မလဲ။

ဖြေ - ကျွန်တော်တို့အသင်းက ပြီးခဲ့တဲ့နှစ်က ဖွဲ့စည်းခဲ့တဲ့ ယူ-၁၈ အသင်းကို အခြေခံမှာ ဖြစ်ပေမဲ့ အကုန်လုံးတော့ ပါလာမှာမဟုတ်ပါဘူး။ တချို့က MNL ကလပ်အသင်းတွေမှာ ကစားနေကြပြီး တချို့တွေက လူငယ်အသင်းတွေမှာ ကစားနေပါတယ်။ တချို့ကစားသမားတွေက ယူ-၂၁ အသင်းမှာ ရွေးချယ်ခံထားရတာကြောင့် သူတို့ကိုရွေးဖို့ဆိုရင် ပြန်ပြီးညှိနှိုင်းရမှာပါ။ ကျွန်တော့်အနေနဲ့ ကစားသမားတွေရွေးချယ်ဖို့ လူငယ်လိဂ်ပြိုင်ပွဲတွေကို လိုက်လံကြည့်ရှုနေပါတယ်။ ယူ-၂၁၊ ယူ-၂၀၊ ယူ-၁၉ နဲ့ ယူ-၁၈ အတန်းလေးတန်းစလုံးကို စောင့်ကြည့်နေပြီး ယူ-၂၁ လိဂ်မှာ ကစားနေတဲ့ ကစားသမားက အသက်မီတယ်ဆိုရင် ရွေးချယ်မှာပါ။ လက်ထောက်နည်းပြတွေ ခန့်ပြီးရင် သူတို့ကိုလည်း ကစားသမား ရွေးချယ်ဖို့ လူငယ်ပွဲတွေ စောင့်ကြည့်စေမှာပါ။

 

မေး - ပထမအကြိမ် ယူ-၁၉ အသင်းကို ကိုင်တွယ်တုန်းက အောင်မြင်မှုမရခဲ့တာ ဘာကြောင့်လို့ ထင်ပါ သလဲ။

ဖြေ - ၂၀၁၆ ခုနှစ်မှာ မြန်မာ ယူ-၁၉ အသင်း ကို ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။ ၂၀၁၆ အာဆီ ယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပေမဲ့ လူငယ်လက်ရွေးစင်အသင်းကိုတော့ အဲဒီအချိန်မှ စတင်ကိုင်တွယ်ရတာပါ။ အတွေ့အကြုံနည်းသေး တာကြောင့် လိုချင်တဲ့ အောင်မြင်မှုမျိုးမရခဲ့ပါဘူး။ ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။

 

မေး - မြန်မာ ယူ-၁၉ အသင်းကို ဒုတိယအကြိမ် ကိုင်တွယ်တဲ့အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ကိုင်တွယ်သွား မှာလဲ။

ဖြေ - ပထမအကြိမ်တုန်းက ထိုက်သင့်တဲ့ အတွေ့အကြုံတွေလည်း ရခဲ့ပါပြီ။ ဒီကြားထဲမှာလည်း လေ့လာသင်ယူစရာတွေကို လေ့လာထားပြီးဖြစ်ပါတယ်။ ပထမအကြိမ်ထက် ပိုကောင်းအောင် ကိုင်တွယ်နိုင်မှာပါ။ အောင်မြင်တဲ့အသင်းဖြစ်လာဖို့ အစွမ်းကုန်လေ့ကျင့် ပြင်ဆင်မှာပါ။

 

မေး - ဒီတစ်ကြိမ်မှာ အောင်မြင်မှု ရယူနိုင်မယ်လို့ ထင်ပါသလား။

ဖြေ - ကစားသမားတွေကို အကောင်းဆုံး လေ့ကျင့်ပေးမယ်။ သူတို့အားနည်းတာတွေ ပြင်ဆင်ပြီး အောင်မြင်ဖို့လမ်းကြောင်းပေါ် ရောက်အောင် လုပ်ဆောင်မှာပါ။

Most Read

Most Recent