ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 14 February 2018

 

Photo: AFP

■ ရီးယဲလ်မက်ဒရစ် နှင့် PSG (၁၅-၂-၂၀၁၈) ကြာသပတေး နံနက် ၂း၁၅ နာရီ

နောက်ဆုံးကစားခဲ့တဲ့ ဆိုစီဒက်အသင်းနဲ့ပွဲမှာ ရီးယဲလ်ကို အဓိကကစားသမားအစုံအလင်နဲ့ မြင်တွေ့ခဲ့ရတယ်။ လက်ရှိအချိန်မှာ League Form က အားရစရာမရှိပေမယ့် ရီးယဲလ်က ချန်ပီယံလိဂ်မှာ ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိတယ်။ နောက်ဆုံး (၄)နှစ်မှာ (၃)ကြိမ်ဗိုလ်စွဲထားတယ်။ PSG ကိုလည်း အကြိမ်ကြိမ်အသာစီးယူထားနိုင်ခဲ့တာတွေ့ရတယ်။ လက်ရှိအချိန်မှာ PSG က ပုံစံကောင်းရနေပြီး ချန်ပီယံလိဂ်မှာရော၊ အမှတ်ပေးပြိုင်ပွဲမှာပါ ရလဒ်တွေဆက်တိုက်ကောင်းနေတာ တွေ့ရတယ်။ နေမာ-ကာဗာနီ-ဘာပေတို့ရဲ့ တိုက်စစ်ပိုင်းနဲ့ PSG အသင်းအတွက် ဒီပွဲက သူတို့ရောက်ချင်တဲ့အဆင့်အတွက် အစမ်းသပ်ခံရမယ့်ပွဲပါ။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်နဲ့ အုပ်စုနောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အုပ်စုတက်ပြီးသားဆိုပေမယ့် အုပ်စုဗိုလ်နေရာလုပွဲအဖြစ် တကယ်ကစားခဲ့ရင် မယှဉ်နိုင်ဘဲ ရှုံးခဲ့တာမျိုးဖြစ်နေတယ်။ ရီးယဲလ်ကွင်းမှာလည်း ရှုံးဖို့များပါတယ်။

 

■ ပေါ်တို နှင့် လီဗာပူးလ် (၁၅-၂-၂၀၁၈) ကြာသပတေး နံနက် ၂း၁၅ နာရီ

ပေါ်တိုတိုက်စစ်ပိုင်းမှာ အဘူဘာကာတစ်ယောက်ပဲ ဂိုးသွင်းနိုင်သူရှိတယ်။ လီဗာပူးလ်က ချန်ပီယံလိဂ်အုပ်စုမှာ PSG ပြီးရင် ဂိုးအများဆုံးသွင်းခဲ့တဲ့အသင်းဖြစ်ပြီး ဖေမီနိုကလည်း ချန်ပီယံလိဂ်မှာ သွင်းဂိုး(၆)ဂိုးနဲ့ လီဗာပူးလ်အသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးသွင်းထားတယ်။ ကော်တင်ဟို မရှိတော့ပေမယ့် ချန်ပီယံလိဂ်မှာ ဆာလာက (၅)ဂိုး၊ မာနေက (၃)ဂိုး သွင်းထားနိုင်တာကိုကြည့်ရင် လီဗာပူးလ် တိုက်စစ်ကစားသမားတွေအတွက် ချန်ပီယံလိဂ်က ဂိုးမြူးတဲ့ပြိုင်ပွဲဖြစ်နေတယ်။ ရလဒ်ပိုင်း အရမ်းမကောင်းပေမယ့် ပွဲတိုင်း ခြေစွမ်းပြနိုင်ခဲ့တယ်။ ပေါ်တိုက အရင်နှစ်တွေက ခြေစွမ်းမျိုးမရှိတော့ပါဘူး။ လီဗာပူးလ်ပဲ ကြိုက်တယ်။ အနိမ့်ဆုံးသရေရမယ်။

Most Read

Most Recent