<

အဝေးကွင်းမှာ ကျေနပ်စရာရလဒ်တွေ ရယူနိုင်ခဲ့တဲ့ မန်စီးတီးနဲ့ စပါး

Photo: Getty Images
Photo: EMPICS Sport

ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပထမအကျော့ အင်္ဂါညပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပရီးမီးယားလိဂ်နှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ စပါးတို့ အဝေးကွင်းမှာ ကျေနပ်စရာရလဒ်တွေ ရယူနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်နဲ့ စပါးအသင်းတို့ပွဲက (၂-၂)ဂိုး သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဟီဂွါအင်၊ မန်ဇူကစ်၊ ဒေါက်ဂလပ်စ်ကော်စတာ၊ ဘာနာဒက်ချီတို့လို တိုက်စစ်အားသန် ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့သလို၊ စပါးအသင်းမှာလည်း ဟာရီကိန်း၊ အယ်လီ၊ အဲရစ်ဆင်တို့လို အဓိက ကစားသမားအစုံအလင်ပါဝင်ခဲ့ပြီး ဆွန်ဟောင်မင်နေရာမှာ လာမယ်လာ ကစားတာကလွဲရင် အပြောင်းအလဲ ကြီးကြီးမားမားမရှိခဲ့ပါဘူး။ ပွဲအစ(၂)မိနစ်မှာပဲ ဂျူဗင်တပ်စ်အသင်းက ဖရီးကစ်ကတစ်ဆင့် အလစ်အငိုက်ဖက်ကာ ယာနစ် ပေးပို့မှုကို ဟီဂွါအင် အပိုင်ကန်သွင်းပြီး ဦးဆောင်ဂိုးရသွားခဲ့ပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာ ဘာနာဒက်ချီကို စပါးနောက်ခံလူ ဘင်ဒေးဗီစ် ပယ်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပယ်နယ်တီ ပေးခဲ့ရပြီး ဟီဂွါအင်ကပဲ (၉)မိနစ်မှာ ကန်သွင်းယူသွားခဲ့ပြန်ပါတယ်။ ဒီနောက်မှာ စပါးအသင်းက ကစားကွက်အသာနဲ့ ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး ဟာရီကိန်းက ဂျူဗင်တပ်စ်ဂိုးသမား ဘူဖွန်ကို အကြိမ်ကြိမ် ခြိမ်းခြောက်လာပါတယ်။ (၃၅)မိနစ်မှာတော့ အယ်လီရဲ့ ပေးပို့မှုကတစ်ဆင့် ဟာရီကိန်း ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ဂျူဗင်တပ်စ် ပယ်နယ်တီ ထပ်ရခဲ့ပေမယ့် ဟီဂွါအင်ကန်ချက် ဂိုးဘားတန်းထိပြီး လွဲချော်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း စပါးအသင်းပဲ ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပြီး (၇၁)မိနစ်မှာတော့ ချေပဂိုးရခဲ့ပါတယ်။ စပါးကွင်းလယ်လူ အဲရစ်ဆင်က ဖရီးကစ်ကတစ်ဆင့် တိုက်ရိုက်ကန်သွင်းခဲ့တာပါ။ စပါးအသင်းအနေနဲ့ အဝေးကွင်းမှာ သွင်းဂိုး(၂)ဂိုးနဲ့အတူ သရေရလဒ် ရယူနိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ ပိုမိုအခွင့်အရေးသာသွားခဲ့ပါတယ်။

ဘေဆယ်နဲ့ မန်စီးတီးပွဲမှာတော့ မန်စီးတီးအသင်းက (၄)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အဂွဲရိုး၊ စတာလင်၊ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်းနား၊ ဂွန်ဒိုဂန်၊ ဖာနန်ဒင်ဟိုတို့နဲ့ ပွဲထွက်လာခဲ့ပြီး ဆာနေး၊ ဒေးဗစ်ဆေးလ်ဗားတို့လည်း ဒုတိယပိုင်းမှာ လူစားဝင် ကစားနိုင်ခဲ့တာကြောင့် လူပြန်စုံဖို့ နီးစပ်လာပါတယ်။ မန်စီးတီးအသင်းအတွက် လွယ်ကူတဲ့ပွဲဖြစ်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ အခွင့်အရေးများစွာကို ဖန်တီးနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ ဂိုးတွေကို ဂွန်ဒိုဂန် (၁၄၊ ၅၃ မိနစ်)၊ ဘာနာဒိုဆေးလ်ဗား (၁၈ မိနစ်)နဲ့ အဂွဲရိုး (၂၃ မိနစ်)တို့က သွင်းယူပေးခဲ့ပါတယ်။ (၄)ဂိုးပြတ်နိုင်ပြီးနောက်မှာ မန်စီးတီး ကစားအားချလိုက်လို့ ဘေဆယ် အခွင့်အရေးတွေရလာပေမယ့် ချေပဂိုးတော့ ရယူနိုင်ခြင်းမရှိခဲ့ပါဘူး။

■ ချန်ပီယံလိဂ်ရလဒ်များ
ဂျူဗင်တပ်စ် ၂-၂ စပါး
ဘေဆယ် ၀-၄ မန်စီးတီး

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
ကာဒစ်ဖ် ၂-၀ ဘော်လ်တန်
ရှက်ဖီးဝင်းစ်ဒေး ၂-၀ ဒါဘီ

February 14, 2018














Copy Protected by Chetan's WP-Copyprotect.