AFC Cup အုပ်စုအဖွင့်ပွဲတွင် ရန်ကုန်အသင်း အဝေးကွင်း၌အနိုင်ရပြီး ရှမ်းအသင်းအိမ်ကွင်းတွင် ရှုံးနိမ့်

AFC Cup အုပ်စုအဖွင့်ပွဲတွင် ရန်ကုန်အသင်း အဝေးကွင်း၌အနိုင်ရပြီး ရှမ်းအသင်းအိမ်ကွင်းတွင် ရှုံးနိမ့်
Published 14 February 2018

၂၀၁၈ ရာသီ AFC Cup ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်များကို ယနေ့ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းမှာ အဝေးကွင်းတွင် အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက်အား ဂိုးပြတ်အနိုင်ရခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ အိမ်ကွင်းတွင် စင်ကာပူကလပ် ဟုမ်းယူနိုက်တက်အသင်းကို (ဝ-၁)ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။

ရန်ကုန်အသင်းသည် အဝေးကွင်းပွဲစဉ်ဖြစ်သောကြောင့် အတောင့်တင်းဆုံး လူစာရင်းဖြင့်ပွဲထွက်ခဲ့ပြီး ပထမပိုင်းတွင် ဘာလီယူနိုက်အား အသာစီးကစားကာပွဲချိန် (၂၄)မိနစ်အတွင်း (၃)ဂိုးသွင်းယူကာ ဦးဆောင်နိုင်ခဲ့သည်။

ရန်ကုန်ယူနိုက်အသင်းအတွက် ဂိုးများကို ပွဲချိန် (၁၄)မိနစ်တွင် အီမန်နျူရယ်၊ ပွဲချိန် (၁၇၊ ၂၄) မိနစ်တို့တွင် ဆယ်လာတို့က သွင်းယူပေးခဲ့သည်။ ဘာလီအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို ဆူကာဒါနာကသွင်းယူပေးခဲ့သည်။

ရန်ကုန်အသင်းသည် အုပ်စု(G) တွင် ထန်ဟွာ (ဗီယက်နမ်)၊ ဂလိုဘယ်(ဖိလစ်ပိုင်)၊ ဘာလီယူနိုက်တက် (အင်ဒိုနီးရှား) နှင့် ကျရောက်နေသည်။

အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရသည့် ရှမ်းယူနိုက်တက်အသင်းမှာမူ စင်ကာပူကလပ်ဟုမ်းယူနိုက်တက်အသင်းကို (ဝ-၁)ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အဓိကကစားသမားအစုံအလင်ဖြင့်ပွဲထွက်လာခဲ့သော်လည်း အိမ်ကွင်းတွင် အခွင့်အရေးများကိုမသုံးမချနိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲတွင် ဂိုးရနိုင်သည့်အခွင့်အရေးအများအပြားရခဲ့သော်လည်း အသုံးမချနိုင်ခဲ့၍ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ဟုမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ၇၅ မိနစ်တွင် ဆောင်က သွင်းယူခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုရှုံးပွဲကြောင့် နောက်တစ်ဆင့်တက်ရောက်ရန်လက်ကျန်ပွဲစဉ်များတွင် ရုန်းကန်ရတော့မည်ဖြစ်သည်။

ဟုမ်းယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဆောင် သွင်းယူနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

ရန်ကုန်ကစားသမားများ ဂိုးသွင်းအပြီး အောင်ပွဲခံနေစဉ် (Photo-AFC)

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု (F) တွင် ဟုမ်းယူနိုက်တက် (စင်ကာပူ)၊ ဆီရက်စ် (ဖိလစ်ပိုင်)၊ အန်ကော (ကမ္ဘောဒီးယား) တို့နှင့် ကျရောက်နေသည်။

Most Read

Most Recent