ဟာဇက်နဲ့ မိုဆက်စ်တို့ရဲ့ဂိုးတွေနဲ့ ချယ်လ်ဆီးအသင်း ဂိုးပြတ်အနိုင်ရ

ဟာဇက်နဲ့ မိုဆက်စ်တို့ရဲ့ဂိုးတွေနဲ့ ချယ်လ်ဆီးအသင်း ဂိုးပြတ်အနိုင်ရ
Published 13 February 2018

Photo: Daily Mail

ချယ်လ်ဆီး ၃-၀ ဝက်စ်ဘရွန်း

နိုင်ပွဲပြန်ရဖို့ မဖြစ်မနေလိုအပ်နေပြီဖြစ်တဲ့ အခြေအနေမှာ ချယ်လ်ဆီးနည်းပြ ကွန်တီက ပွဲ ထွက်လူစာရင်းကို အပြောင်းအလဲတချို့လုပ်ခဲ့ပြီး ဂျရူးကို အထောင်တိုက်စစ်မှူးအဖြစ် ထုတ်သုံးခဲ့ပါတယ်။

ဇယားအောက်ဆုံးက ဝက်စ်ဘရွန်းအသင်းကလည်း စတာရစ်ချ်+ရွန်ဒွန်အတွဲနဲ့ ပွဲထွက်ခဲ့ပေမယ့် ပွဲအစ(၃)မိနစ်ဝန်းကျင်မှာပဲ စတာရစ်ချ် ဒဏ်ရာရသွားတာကြောင့် ဂျေးရိုဒရီဂွက်ဇ်နဲ့ အစားထိုးခဲ့ရပါတယ်။

ဒါပေမဲ့ ဝက်စ်ဘရွန်းအသင်းရဲ့ကစားပုံက ချယ်လ်ဆီးအသင်းကို ယှဉ်နိုင်ခဲ့ပြီး အခွင့်အရေးတွေတောင် အရင်ရခဲ့ပါသေးတယ်။ အဝေးကွင်းဖြစ်ပေမယ့် ခံစစ်သက်သက်မကစားဘဲ ချယ်လ်ဆီးတိုက်စစ် စိတ်ကြိုက်တက်ဖိလို့မရအောင် ကစားသွားခဲ့တာပါ။

ချယ်လ်ဆီးကွင်းလယ်က အစောပိုင်းမှာခံစစ်နဲ့တိုက်စစ် သတ်သတ်စီ ဖြစ်နေသလို အတွဲအဖက်သိပ်မမိတာကြောင့်လည်း ပြိုင်ဘက်ကို ဖိအားပေးနိုင်စွမ်း နည်းပါးခဲ့ပါတယ်။

Photo: Daily Mail

ဒါပေမဲ့ ဟာဇက်ရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုတွေနဲ့ တောင်ပံကစားပုံတွေကတော့ ကောင်းမွန်ခဲ့ပါတယ်။

ပွဲချိန်ကြာလာတာနဲ့အမျှ အသာစီးလည်း ရရှိလာခဲ့ပြီး (၂၅)မိနစ်မှာတော့ ဟာဇက်က ဂျရူးနဲ့ တွဲဖက်ပြီး အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မိနစ် (၅၀)ကျော်မှာ ရွန်ဒွန် ချေပဂိုးရနိုင်တဲ့ အခွင့်အရေးကောင်းရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

မိနစ်(၆၀)မှာတော့ ကွန်တီက ဂျရူးအစား မိုရာတာကို ထည့်သွင်းခဲ့ပါတယ်။

ဝက်စ်ဘရွန်းရဲ့တုံ့ပြန်နိုင်စွမ်းလျော့ကျလာခဲ့သလို ချယ်လ်ဆီးရဲ့တိုက်စစ်ဆင်မှုတွေ ပိုထိရောက်လာချိန်လည်းဖြစ်ပြီး (၆၃)မိနစ်မှာ မိုဆက်စ်က ဒုတိယဂိုး၊ (၇၁)မိနစ်မှာ ဟာဇက်က တတိယဂိုးထပ်သွင်းခဲ့ပါတယ်။

နှစ်ပွဲဆက်ဂိုးပြတ်ရှုံးခဲ့တဲ့အခြေအနေကို ဂိုးပြတ်နိုင်ပွဲနဲ့ ချယ်လ်ဆီးအသင်း ပြန်အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်တာကြောင့် နည်းပြကွန်တီလည်း အသက်ရှူချောင်သွားခဲ့ရပါတယ်။

Most Read

Most Recent