ဆီးဂိမ်းစ်မှာ ထိုင်းကို မြန်မာယှဉ်နိုင်တယ်

ဆီးဂိမ်းစ်မှာ ထိုင်းကို မြန်မာယှဉ်နိုင်တယ်
Published 12 August 2017

ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲကို သြဂုတ် ၁၅ ရက် စတင်ကျင်းပမှာ ဖြစ်ပြီး မြန်မာအသင်းဟာ လက်ရှိချန်ပီယံ ထိုင်းအသင်းနဲ့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို ငါးသင်း ပတ်လည်စနစ်နဲ့ ကျင်းပမှာ ဖြစ်တာကြောင့် ပွဲတိုင်းက အရေးပါနေပြီး မြန်မာအသင်းဟာ ထိုင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် အဖွင့်ပွဲမှာ ရလဒ်ကောင်းရဖို့ လိုအပ်နေပါတယ်။ မြန်မာနဲ့ ထိုင်းအသင်းတို့ဟာ အာဆီယံ အမျိုးသမီးဘောလုံးလောကမှာ ထိပ်တန်းအဆင့် ရပ်တည်နေတဲ့ အသင်းတွေဖြစ်ပြီး ပြိုင်ပွဲတွေမှာ မကြာခဏ တွေ့ဆုံခဲ့ဖူးပါတယ်။ ဆီးဂိမ်းစ် အမျိုးသမီးသက်တမ်း တစ်လျှောက်မှာတော့ မြန်မာအမျိုးသမီးအသင်းဟာ ထိုင်းအသင်းကို ယှဉ်ကစားနိုင်ခဲ့တာ မှတ်တမ်းတွေအရ တွေ့ရပါတယ်။

ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အမျိုးသမီးဘောလုံးပြိုင်ပွဲကို (၁၀) ကြိမ်မြောက် ထည့်သွင်းကျင်းပတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ကိုးကြိမ်မှာ မြန်မာနဲ့ ထိုင်းအသင်းတို့ ရှစ်ကြိမ်အထိ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှု မှတ်တမ်းတွေအရ မြန်မာနဲ့ ထိုင်းအသင်းတို့ဟာ နှစ်ကြိမ်စီ အနိုင်ရခဲ့ပြီး လေးပွဲ သရေကျထားပါတယ်။ အစဉ်အလာပိုင်းအရ ကြည့်ရင် မြန်မာအသင်းဟာ ထိုင်းအသင်းကို ယှဉ်ကစားနိုင်တာကို တွေ့ရပြီး နောက်ဆုံး ခြောက်ပွဲဆက်တိုက် မိနစ် ၉၀ အတွင်း မရှုံးခဲ့ပါဘူး။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲမှာ မြန်မာနဲ့ ထိုင်းအသင်းတို့ မိနစ် ၁၂၀ အထိ နှစ်ဂိုးစီ သရေကျနေပြီး မြန်မာအသင်းဟာ ပယ်နယ်တီကျမှ (၈-၉) ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ထိုင်းအသင်းကို ပွဲချိန်အတွင်း တစ်ကြိမ်သာ ရှုံးနိမ့်ခဲ့ဖူးပြီး ၁၉၉၇ ဆီးဂိမ်းစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အခုနောက်ပိုင်း တွေ့ဆုံတဲ့ပွဲတွေမှာ ထိုင်းအသင်းကို အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အပါအဝင် တခြားပြိုင်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ပေမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲမှာတော့ ပွဲချိန်အတွင်း မရှုံးနိမ့်တာ ဆယ်စုနှစ် တစ်ခုကျော်နေပြီ ဖြစ်ပါတယ်။ ၂၀၀၁ ဆီးဂိမ်းစ်ပြိုင်ပွဲကစပြီး မြန်မာအသင်းဟာ ထိုင်းအသင်းကို အနိမ့်ဆုံး သရေကစားနိုင်ခဲ့ပြီး ၂၀၀၃ ဗီယက်နမ်ဆီးဂိမ်းစ်နဲ့ ၂၀၀၅ ဖိလစ်ပိုင် ဆီးဂိမ်းစ်တို့မှာ အနိုင်ကစားနိုင်ခဲ့ပါတယ်။ ၂၀၀၇ နဲ့ ၂၀၀၉ ဆီးဂိမ်းစ်တွေမှာ နှစ်ဂိုးစီ သရေကျခဲ့ပြီး ၂၀၁၃ ဆီးဂိမ်းစ်မှာလည်း သရေကစားနိုင်ခဲ့ပေမယ့် ပယ်နယ်တီကျမှ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အခု ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲက ပတ်လည်စနစ်နဲ့ ကျင်းပမှာဖြစ်တာကြောင့် မြန်မာအသင်းအနေနဲ့ ထိုင်းနဲ့တွေ့ဆုံတိုင်း မိနစ် ၉၀ အတွင်း ရလဒ်ကောင်းခဲ့တဲ့ အစဉ်အလာကို ဆက်ထိန်းထားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ မြန်မာအသင်းအတွက် အရမ်းကို အရေးကြီးနေပြီး အနိုင်ရမှသာ ချန်ပီယံလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ရလဒ်ပိုင်း ဆိုးရွားပြီး ရှုံးပွဲ ကြုံတွေ့ခဲ့မယ်ဆိုရင်တော့ မြန်မာအမျိုးသမီးအသင်းအနေနဲ့ ရွှေရောင်အိပ်မက်တွေ အဆုံးသတ်ရဖို့ ဖြစ်သွားနိုင်ပါတယ်။ မြန်မာအသင်းနဲ့ ထိုင်းအသင်းဟာ အခုနှစ်အတွင်း သုံးကြိမ်မြောက် တွေ့ဆုံတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကြိမ်မှာ မြန်မာက တစ်ပွဲ သရေကျပြီး တစ်ပွဲ ရှုံးခဲ့ပါတယ်။ သရေကျတဲ့ ပွဲကတော့ မန္တလေးမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲဖြစ်ပြီး တရုတ်ဖိတ်ခေါ် ပြိုင်ပွဲမှာတော့ မြန်မာအသင်း ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာအသင်းဟာ ထိုင်းအသင်းနဲ့ တွေ့ဆုံတဲ့ ခြေစမ်းပွဲတွေမှာဆိုရင် ရလဒ်ကောင်းလေ့ ရှိပေမယ့် ပြိုင်ပွဲမှာ တွေ့ဆုံရင်တော့ အနိုင်မရတာ ကြာပါပြီ။ နောက်ဆုံး အနိုင်ရခဲ့တဲ့ ပွဲကတော့ ၂၀၁၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ဖြစ်ပြီး မြန်မာအသင်းက စန်းယုနိုင်ရဲ့ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆီးဂိမ်းစ်တွေ့ဆုံမှုမှာတော့ မြန်မာအသင်းဟာ ထိုင်းအသင်းကို ယှဉ်နိုင်တဲ့ အနေအထားမှာရှိပြီး ရလဒ်ပိုင်းက သူမသာ ကိုယ်မသာ ပါပဲ။ မြန်မာအသင်းအနိုင်ရခဲ့တဲ့ နှစ်ပွဲစလုံးက ပွဲချိန်အတွင်းဖြစ်ပြီး ထိုင်းအသင်း အနိုင်ရခဲ့တဲ့ နှစ်ပွဲမှာ တစ်ပွဲက ပယ်နယ်တီကျမှ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲကို အိမ်ရှင် မလေးရှားအသင်း အပါအဝင် ထိုင်း၊ ဗီယက်နမ်၊ မြန်မာနဲ့ ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ပတ်လည်စနစ်နဲ့ ကစားကာ အမှတ်အများဆုံး သုံးသင်းက ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေ ရရှိမှာဖြစ်ပါတယ်။ ပတ်လည်စနစ်နဲ့ ကစားရမှာဖြစ်လို့ အသင်းတိုင်းအတွက် ပွဲတိုင်းက အရေးပါလာပြီး ပွဲစဉ်ရေးဆွဲမှု အနေအထားအရ မြန်မာအသင်းဟာ လေးပွဲစလုံး ဆက်တိုက် ကစားရမှာဖြစ်ပါတယ်။ မြန်မာအသင်းအတွက် ချန်ပီယံဆု အဆုံးအဖြတ်ကတော့ ပထမသုံးပွဲ ဖြစ်ပြီး ထိုင်း၊ မလေးရှား၊ ဗီယက်နမ်တို့နဲ့ ဆက်တိုက် ကစားရမှာဖြစ်ပါတယ်။ မလေးရှားအသင်းကလည်း အိမ်ရှင်ဖြစ်တာကြောင့် အိမ်ဖြည့်အဆင့် မဟုတ်တော့ဘဲ မြန်မာအသင်းအနေနဲ့ အာရုံစိုက် ကစားနိုင်မှ အခြေအနေကောင်းမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအသင်းဟာ မလေးရှားကို ကျဉ်းမြောင်းတဲ့ဂိုး ရလဒ် (၂-၁) ဂိုးနဲ့ပဲ အနိုင်ရခဲ့တာကို သတိပြုရပါမယ်။ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ထိုင်းနဲ့ ဗီယက်နမ်အသင်းတို့က ကြီးစိုးထားပြီး ကျင်းပပြီးစီးခဲ့တဲ့ ကိုးကြိမ်မှာ ထိုင်းက ငါးကြိမ်၊ ဗီယက်နမ်က လေးကြိမ် ဗိုလ်စွဲထားပါတယ်။ မြန်မာအသင်းဟာ ဗိုလ်လုပွဲ သုံးကြိမ် ရောက်ခဲ့ပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး အစဉ်အလာဆိုးတွေကို မလေးရှားမြေမှာ ချေဖျက်ပြနိုင်မလား ဆိုတာ အားလုံးက မျှော်လင့်နေကြပါတယ်။

မြန်မာအမျိုးသမီးအသင်း အနေနဲ့ ချန်ပီယံဆု လိုချင်တယ်ဆိုရင် ထိုင်းနဲ့ပွဲက အရေးကြီးဆုံး ဖြစ်နေပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မိနစ် ၉၀ အတွင်း ထိုင်းနဲ့တွေ့ဆုံတိုင်း အစဉ်အလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ မြန်မာအသင်းအနေနဲ့ အခုပွဲမှာ အဲဒီအစဉ်အလာကောင်းတွေကို ဆက်ထိန်းထားနိုင်ခဲ့မယ် ဆိုရင်တော့ အဖွင့်လှမှာ သေချာပါတယ်။

Most Read

Most Recent