<

ဆီးဂိမ်းစ် သုံးကြိမ်ဆက် ကစားခွင့်ရမည့် စည်သူအောင်

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲကို ယခင်က လက်ရွေးစင်အဆင့် ပြိုင်ပွဲအဖြစ် ကျင်းပခဲ့သော်လည်း ၂၀၀၁ မလေးရှား ဆီးဂိမ်းစ်ပြိုင်ပွဲမှစ၍ ယူ-၂၃ ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့သည်။ သက်တမ်းအလိုက်ပြိုင်ပွဲ ဖြစ်လာသောကြောင့် ကစားသမားများ အနေဖြင့် အကြိမ်များစွာ ယှဉ်ပြိုင်ခွင့်ရရန် မလွယ်ကူတော့ဘဲ အများဆုံး နှစ်ကြိမ်သာ ယှဉ်ပြိုင်ခွင့်ရသည့် ကစားသမား များပြားလာခဲ့သည်။ ၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲမှ စ၍ အမျိုးသား ဘောလုံးပြိုင်ပွဲကို ယူ-၂၂ ပြိုင်ပွဲအဖြစ် ပြောင်းလဲခဲ့ရာ ကစားသမားများ အကြိမ်များစွာ ယှဉ်ပြိုင်ခွင့်ရရှိရန် အခွင့်အရေး ပိုမိုနည်းပါးလာခဲ့သည်။ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းတွင် ဆီးဂိမ်းစ် သုံးကြိမ်ဆက် ယှဉ်ပြိုင်ခွင့်ရမည့် ကစားသမားတစ်ဦး ပါဝင်လာပြီး ၎င်းမှာ အသင်းခေါင်းဆောင် စည်သူအောင် ဖြစ်သည်။

စည်သူအောင်သည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ၂၀၁၃ နှင့် ၂၀၁၅ နှစ်ကြိမ်ဆက် ယှဉ်ပြိုင်ခွင့် ရခဲ့သူဖြစ်ပြီး ယခုအကြိမ်တွင် ကစားခွင့်ရခဲ့ပါက သုံးကြိမ်ဆက် ယှဉ်ပြိုင်ခွင့်ရသူအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။ စည်သူအောင်သည် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပုံမှန် ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရသော်လည်း ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲ ငွေတံဆိပ်ဆုရ မြန်မာအသင်းတွင် အဓိက ကစားသမားဖြစ်ခဲ့သည်။ ၎င်းသည် ဘယ်တောင်ပံ၌ ကစားရသော်လည်း ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်း၌ သွင်းဂိုးအများဆုံး ကစားသမားဖြစ်ခဲ့ပြီး ပြိုင်ပွဲ၏ အကောင်းဆုံး ၁၁ ဦး စာရင်းတွင်လည်း ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲအပြီးတွင် မြန်မာ့လက်ရွေးစင်အသင်း ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၆ နှစ်ဆန်းပိုင်းတွင် ကုန်ပစ္စည်းမိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့သောကြောင့် ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အရေးယူမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း အမှားကို ပြင်ဆင်ကာ ကြိုးစားအားထုတ်မှု ကောင်းခဲ့သောကြောင့် ယခုနှစ်တွင် လက်ရွေးစင်အသင်း နှင့် ယူ-၂၂ အသင်း၌ ပုံမှန်နေရာ ရလာခဲ့ပြီး ယူ-၂၂ အသင်း၏ အသင်းခေါင်းဆောင်အဖြစ်ပါ ခန့်အပ်ခံခဲ့ရသည်။ စည်သူအောင်သည် ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငါးဂိုး သွင်းယူနိုင်ခဲ့သည်။

August 12, 2017














Copy Protected by Chetan's WP-Copyprotect.