ဇန်နဝါရီအတွက် MNL အကောင်းဆုံးဆုကို ဦးအောင်ကျော်မိုးနှင့် စည်သူအောင် ရရှိ

ဇန်နဝါရီအတွက် MNL အကောင်းဆုံးဆုကို ဦးအောင်ကျော်မိုးနှင့် စည်သူအောင် ရရှိ
Published 5 February 2018

ဦးအောင်ကျော်မိုးနှင့် စည်သူအောင်အား ဆုယူအပြီးတွေ့ရစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

မြန်မာနေရှင်နယ်လိဂ်ကော်မတီက ချီးမြှင့်သည့်  ၂၀၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ၏ ဇန်နဝါရီအတွက် အကောင်းဆုံးနည်းပြဆုကို ဦးအောင်ကျော်မိုး (ရတနာပုံ)၊ ကစားသမားဆုကို စည်သူအောင် (ရတနာပုံ) တို့ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ရတနာပုံအသင်းသည် ဇန်နဝါရီတွင် ယှဉ်ပြိုင်ကစားသည့် MNL အမှတ်ပေးပွဲ သုံးပွဲစလုံးအနိုင်ရခဲ့ပြီး ရန်ကုန်အသင်းနှင့် စွမ်းဆောင်မှုချင်း တူသော်လည်း ဧရာဝတီအသင်းအပါအဝင် အသင်းကြီးအချို့ကို အနိုင်ရခဲ့သောကြောင့်  ရတနာပုံအသင်း နည်းပြချုပ် ဦးအောင်ကျော်မိုးက အကောင်းဆုံးနည်းပြဆု ရရှိခဲ့ခြင်းဖြစ်သည်။

အကောင်းဆုံးကစားသမားဆုကိုမူ သုံးပွဲကစား ငါးဂိုးသွင်းယူနိုင်ခဲ့သည့် ရတနာပုံတောင်ပံကစားသမား စည်သူအောင်က ရရှိခဲ့သည်။

စည်သူအောင်သည် GFA အသင်းအား အနိုင်ရသည့် ပွဲစဉ် (၃) တွင် ဂိုးသွင်းယူနိုင်ခြင်းမရှိသော်လည်း ဧရာဝတီနှင့်ပွဲတွင် တစ်ဦးတည်း လေးဂိုးသွင်းယူခဲ့သလို ရခိုင်နှင့်ပွဲတွင်လည်း တစ်ဂိုးသွင်းယူပေးခဲ့သည်။

ယင်းအကောင်းဆုံးဆုများကို ရှမ်းယူနိုက်တက်နှင့် ရတနာပုံပွဲ မတိုင်မီချီးမြင့်ခဲ့ပြီး အကောင်းဆုံး ကစားသမားဆုအတွက် ကျပ်တစ်သိန်းခွဲ၊ နည်းပြဆုအတွက် ကျပ်တစ်သိန်းနှင့် ဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် လအလိုက် အကောင်းဆုံးဆုများကို ယခုရာသီမှ ပြန်လည်ချီးမြှင့်ခြင်းဖြစ်ပြီး ရတနာပုံအသင်းက နှစ်ဆုစလုံး ရယူနိုင်ခဲ့သည်။

အကောင်းဆုံး ဆုများကို ပွဲအလိုက် ရွေးချယ်ခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ်ကော်မတီနှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့က ပြန်လည်ရွေးချယ်ခြင်းဖြစ်သည်။

ယခုရာသီ MNL ပြိုင်ပွဲကို MPT က စပွန်ဆာပေးထားပြီး နယ်ပွဲများတွင် ဖျော်ဖြေရေး အစီအစဉ်များ ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent