FIFA ၏ ကူညီမှုဖြင့် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည်

FIFA ၏ ကူညီမှုဖြင့် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည်
Published 2 February 2018

၂၀၁၇ ခုနှစ်က ကျင်းပသည့် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားတွင် FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်အား တွေ့ရစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ အကူအညီဖြင့် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

MFF သည် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန် FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပြီး FIFA မှ လိုအပ်သည့် ပံ့ပိုးမှုများပြုလုပ်မည်ဖြစ်သည်။ MFF သည် စပွန်ဆာကုမ္ပဏီများနှင့် ပူးပေါင်း၍ လူငယ်ဘောလုံးပြိုင်ပွဲများ၊ Grassroot လူငယ်လေ့ကျင့်ရေး အစီအစဉ်များ ပြုလုပ်လျက်ရှိပြီး ရန်ကုန်မြို့၌သာမက အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ပြုလုပ်ခဲ့သည်။ MFF သည် လူငယ်ဖွံ့ဖြိုးရေးစီမံ ကိန်းများကို ယခုနှစ်တွင် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လူငယ်ဘောလုံးပြိုင်ပွဲများကို ရန်ကုန်၌သာမက နယ်မြို့များတွင်ပါကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ MFF သည် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် စီစဉ်နေသောကြောင့် လူငယ်ကစားသမားကောင်းများ ထွက်ပေါ်လာစေရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းနေခြင်းဖြစ်ပြီး လူငယ်ပြိုင်ပွဲများမှ အလားအလာရှိသည့် ကစားသမားများကိုလည်း ပဏာမလူငယ်လက်ရွေးစင်အဖြစ် ရွေးချယ်ကာ ကာလရှည်လေ့ကျင့် ပေးလျက်ရှိသည်။ MFF သည် လူငယ်ပြိုင်ပွဲများကို အမျိုးသားပြိုင်ပွဲများသာမက အမျိုးသမီးပြိုင်ပွဲများပါ ကျင်းပပေးမည်ဖြစ်ကြောင်း သိရသည်။ MFF သည် ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်မြို့၌ ဖွင့်လှစ်ထားသည့် ဘောလုံးအကယ်ဒမီများတွင် လူငယ်ကစားသမားများအား စနစ်တကျ လေ့ကျင့်ပေးလျက်ရှိပြီး ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ၏ အကူအညီဖြင့် နည်းပြများ ခေါ်ယူအသုံးပြုမည် ဖြစ်သည်။

MFF သည် FIFA ၏ အကူအညီဖြင့် အကယ်ဒမီများ တည်ဆောက်ထားခြင်းဖြစ်ပြီး မန္တလေးမြို့ရှိ မြန်မာဘောလုံးအကယ်ဒမီကို ၂၀၁၁ ခုနှစ်၊ ပုသိမ်မြို့ရှိ ဘောလုံးအကယ်ဒမီကို ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့ရှိ အမျိုးသားဘောလုံးအကယ်ဒမီကို ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) မှ ထွက်ပေါ်လာသည့် ကစားသမားဖြစ်ကြောင်း သိရသည်။

Most Read

Most Recent