၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ခြေစစ်ပွဲတွင် မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည် အမျိုးသားခြေစစ်ပွဲကို ၂၀၂၀ အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ချိတ်ဆက်ကျင်းပရန် AFC စီစဉ်ထား

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ခြေစစ်ပွဲတွင် မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည် အမျိုးသားခြေစစ်ပွဲကို ၂၀၂၀ အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ချိတ်ဆက်ကျင်းပရန် AFC စီစဉ်ထား
Published 29 January 2018

၂၀၁၈ အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာအသင်းနှင့် သြစတြေးလျအသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ခြေစစ်ပွဲတွင် မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံးအသင်းအား ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲ သီးခြားကျင်းပမည် မဟုတ်ဘဲ ၂၀၂၀ အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ချိတ်ဆက်ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲကိုမူ ခြေစစ်ပွဲ သီးခြားကျင်းပမည် ဖြစ်သည်။ AFC သည် ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲအထိ အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲ သီးခြား ကျင်းပခဲ့သော်လည်း အာရှ ယူ-၂၃  ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပပြီး နောက်ပိုင်း ခြေစစ်ပွဲသီးခြား မကျင်းပတော့ဘဲ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင်  ပထမမှ တတိယအထိ ရသည့် သုံးသင်းအား ခြေစစ်ပွဲအောင်မြင်စေခဲ့သည်။ အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပသော်လည်း အိုလံပစ်ပြိုင်ပွဲမှာ လေးနှစ်တစ်ကြိမ် ကျင်းပသည့်ပြိုင်ပွဲဖြစ်သောကြောင့် အိုလံပစ်ပြိုင်ပွဲကျင်းပသည့်နှစ်တွင် အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ၌ ပထမမှ တတိယရသည့် အသင်းများကို ခြေစစ်ပွဲအောင်မြင်စေမည်ဖြစ်သည်။ ထို့ကြောင့် ဇန်နဝါရီ ၂၇ ရက်က ပြီးဆုံးခဲ့သည့် ၂၀၁၈ အာရှ ယူ- ၂၃ ပြိုင်ပွဲတွင် ချန်ပီယံ ဥဇဘက်ကစ္စတန်၊ ဒုတိယရသည့် ဗီယက်နမ်နှင့် တတိယရသည့် ကာတာအသင်းတို့ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မည် မဟုတ်ဘဲ ၂၀၂၀ ပြိုင်ပွဲသာ အကျုံးဝင်မည်ဖြစ်သည်။  မြန်မာအမျိုးသားအသင်းသည် ၁၉၇၂ မြူးနစ်အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး အသန့်ရှင်းဆုံးအသင်းဆု ရရှိခဲ့ကြောင်း သိရသည်။

အမျိုးသမီးပြိုင်ပွဲတွင်မူ ဇုန်အလိုက် ခြေစစ်ပွဲများကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့် ခြေစစ်ပွဲတွင် ထိပ်ဆုံးရပ်တည်မှုရသည့် နှစ်သင်းသာ ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။ အမျိုးသမီးခြေစစ်ပွဲ နောက်ဆုံးအဆင့်ကို ၂၀၂၀ ပြည့် နှစ် ဖေဖော်ဝါရီတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲတွင် ခြေစစ်ပွဲဒုတိယ အဆင့်မှ ထွက်ခဲ့ရသည်။

Most Read

Most Recent