မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 26 January 2018

မန်ယူကစားသမားများအား လေ့ကျင့်ရေးကွင်းတွင် တွေ့ရစဉ်

■ FA ဖလား (စတုတ္ထအဆင့်)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
■ ရှက်ဖီးဝင်းစ်ဒေး နှင့် ရက်ဒင်း (၂၇-၁-၂၀၁၈ နံနက် ၂း၁၅ နာရီ)
လိဂ်ချန်ပီယံရှစ်က အသင်းနှစ်သင်းရဲ့ပွဲစဉ်ဖြစ်ပြီး နှစ်သင်းစလုံးရဲ့ ခြေစွမ်းနဲ့ လူအင်အားက သိပ်မကွာပါဘူး။ အဆင့် (၁၇၊ ၁၈)နေရာတွေမှာ ရပ်တည်နေတဲ့အသင်းတွေဖြစ်ပြီး အမှတ်ပေးပွဲမှာလည်း ဂိုးမရှိသရေကျထားတာကိုတွေ့ရတယ်။ နောက်ပိုင်းကစားခဲ့တဲ့ ပွဲတွေမှာလည်း ဒီနှစ်သင်းရဲ့ရလဒ်ပိုင်းကွာဟမှုက သိပ်မရှိဘူး။ ဒီပွဲလည်း အကြိတ်အနယ်ကစားရမှာဖြစ်ပြီး ရက်ဒင်းကို ကြိုက်တယ်။

■ ယိုဗယ်လ် နှင့် မန်ယူ (၂၇-၁-၂၀၁၈ နံနက် ၂း၂၅ နာရီ)
ယိုဗယ်လ်က League Two မှာတောင် တန်းဆင်းဇုန်နား ရောက်နေတဲ့အသင်းဖြစ်ပြီး ရလဒ်ပိုင်းကလည်း ကျဆင်းနေပါတယ်။ မန်ယူကတော့ ဒီပွဲမှာ အရံအများစုနဲ့ ပွဲထွက်လာမှာသေချာပြီး ပွဲထွက်ခွင့်နည်းနေသူတွေကို အခွင့်အရေးပေးပါလိမ့်မယ်။ ယိုဗယ်လ်က ပြီးခဲ့တဲ့အဆင့်မှာ ဘရက်ဖို့ဒ်ကိုနိုင်ပြီး တက်လာပေမယ့် မန်ယူနဲ့ ခြေစွမ်း၊ အဆင့်အတန်းချင်းကွာဝေးလွန်းပါတယ်။ မန်ယူ ခပ်လွယ်လွယ်ပဲ အနိုင်ကစားသွားမယ့်ပွဲဖြစ်ပြီး လိဂ်ဖလားက အမှားမျိုး မကျူးလွန်တော့ပါဘူး။

■ စပိန်လာလီဂါပွဲစဉ် (၂၁)ပွဲကြိုသုံးသပ်ချက်
■ ဘီလ်ဘာအို နှင့် အီဘာ (၂၇-၁-၂၀၁၈ နံနက် ၂း၃၀ နာရီ)
နောက်ဆုံး (၂)ပွဲဆက် အီဘာ အရှိန်အနည်းငယ်လျော့သွားသလိုပါပဲ။ အထူးသဖြင့် တိုက်စစ်က ဂိုးသွင်းနှုန်းအနည်းငယ်ကျလာတာ တွေ့ရတယ်။ ဒါပေမဲ့ ဘီလ်ဘာအိုရဲ့လက်ရှိခြေစွမ်းကလည်း စိတ်မချရပါဘူး။ ဂိုးနည်းသရေပွဲလို့ပဲ ထင်တယ်။

■ ဘွန်ဒစ်လီဂါ ပွဲစဉ် (၂၀)ပွဲကြိုသုံးသပ်ချက်
■ ဖရန့်ဖတ် နှင့် မိုချန်ဂလာဘတ် (၂၇-၁-၂၀၁၈ နံနက် ၂း၀၀ နာရီ)
ဖရန့်ဖတ်က အိမ်ကွင်းမှာ အဝေးကွင်းလောက် ရလဒ်ပိုင်း မစွံတော့တာ အံ့အားသင့်စရာကောင်းနေတယ်။ အိမ်ကွင်း(၄) ပွဲဆက် နိုင်ပွဲပျောက်ထားပြီး အခုရာသီ(၉)ပွဲမှာ (၂)ပွဲသာအနိုင်ရထားတာပါ။ မိုချန်ဂလာဘတ်ကလည်း အဝေးကွင်း(၃)ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့တဲ့အသင်းပါ။ သရေကျဖို့များလို့ မိုချန်ဂလာဘတ်ကိုပဲ ရွေးချယ်ချင်တယ်။

■ ပြင်သစ်လီဂူးပွဲစဉ် (၂၃)ပွဲကြိုသုံးသပ်ချက်
■ ဒီယွန်း နှင့် ရန်းစ် (၂၇-၁-၂၀၁၈ နံနက် ၂း၁၅ နာရီ)
အဝေးကွင်းနောက်ဆုံးပွဲမှာ ရန်းစ် နိုင်ပွဲရခဲ့ပေမယ့် သိပ်ယုံကြည်လို့မရဘူး။ အိမ်ကွင်းနောက်ဆုံး (၆)ပွဲမှာ (၅)ပွဲနိုင်၊ (၁) ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့တဲ့ ဒီယွန်းအမှတ်ရဦးမယ်။

Most Read

Most Recent