မန်ယူကစားသမားသစ် ဆန်းချက်ဇ်နှင့် တွေ့ဆုံခြင်း

မန်ယူကစားသမားသစ် ဆန်းချက်ဇ်နှင့် တွေ့ဆုံခြင်း
Published 24 January 2018

“ဆန်းချက်ဇ်ဆိုတာ ဆုဖလားအားလုံးကို ဆာလောင်နေသူပါ”

ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဘောလုံးပရိသတ်တွေအကြားမှာ နေ့ရက်များစွာ လိပ်ခဲတည်းလည်းဖြစ်ခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ်ရဲ့အပြောင်းအရွှေ့က ဇန်နဝါရီ ၂၂ ရက်မှာ အဆုံးသတ်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ပထမဆုံး ချီလီကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဆန်းချက်ဇ်နဲ့ MUTV တို့ရဲ့တွေ့ဆုံမေးမြန်းခန်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 

မေး - ကြိုဆိုပါတယ် အလက်ဆစ်ရေ။ မန်ယူကစားသမားတစ်ယောက်ဖြစ်လာမှုအပေါ် ဘယ်လိုခံစားရသလဲ။

ဖြေ - ကျွန်တော် ငယ်ရွယ်ကတည်းက ပြောခဲ့ဖူးပါတယ်။ မန်ယူမှာကစားခွင့်ရဖို့ဆိုတာ ကျွန်တော့်အိပ်မက်ပါ။ အခု ရည်မှန်းချက်တွေ အမှန်တကယ်ဖြစ်လာလို့ ကျွန်တော် ဒီစကားပြောတာ မဟုတ်ပါဘူး။  ကလေးဘဝကတည်းက ဒါကို အမြဲပြောခဲ့သလို၊ ဆာအဲလက်စ်ဖာဂူဆန်ကိုလည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Chatting မှာ ပြောခဲ့ဖူးပါတယ်။ သူနဲ့ကျွန်တော် စကားပြောချိန် မိနစ် ၂၀ လောက်ကြာခဲ့ပါတယ်။

 

မေး - အိုးလ်ထရက်ဖို့ဒ်မှာ အောင်မြင်မှုရမယ်လို့ မျှော်လင့်ပါသလား။

ဖြေ - မန်ယူဟာ ဘယ်အောင်မြင်မှုမဆို ရယူနိုင်တဲ့အသင်းလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော် ဒီကိုလာတာက အောင်မြင်မှုတိုင်း လိုချင်လို့ပါ။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ကလပ်အသင်းရဲ့အနာဂတ်မှာရနိုင်မယ့် အရာအားလုံးပါပဲ။

 

မေး - သင့်ရဲ့အပြောင်းအရွှေ့မှာ နည်းပြမော်ရင်ဟိုဟာ ဘယ်လောက်အရေးပါခဲ့သလဲ။

ဖြေ - အသင်းမှာ ကျွန်တော့်ရဲ့အခန်းကဏ္ဍ ဘယ်လိုရှိလာမလဲဆိုတာ သူက ညွှန်ပြခဲ့ပါတယ်။  ကျွန်တော့်အပြောင်းအရွှေ့ကို အသင်းက ဂရုတစိုက်လုပ်ဆောင်ခဲ့လို့လည်း ယုံကြည်မှု ပိုတိုးစေခဲ့ပါတယ်။ သူတို့က မန်ယူအသင်းကို ကျွန်တော်ရောက်လာဖို့ ဆန္ဒရှိခဲ့သလို၊ ကျောနံပါတ် ခုနစ်ဂျာစီကိုလည်း ယုံယုံကြည်ကြည်အပ်နှင်းခဲ့တာပါ။ ကစားသမားတစ်ယောက်အနေနဲ့ တစ်ခါတစ်ရံ အသင်းရဲ့အလေးပေး ဆက်ဆံမှုလည်း လိုအပ်ပါတယ်။

 

မေး - မန်ယူအသင်းရဲ့သမိုင်းဝင် ကျောနံပါတ်ခုနစ်ဂျာစီကို ဝတ်ဆင်ရတဲ့အတွက် ဘယ်လိုဂုဏ်ယူပါသလဲ။

ဖြေ - ဒီနံပါတ်ခုနစ်ဂျာစီနဲ့အတူ ကျွန်တော့်မှာ အိပ်မက်တွေအပြည့်ဖြစ်နေပါတယ်။ အသင်းအတွက် ကျွန်တော့်ရဲ့အကောင်းဆုံးတွေကို ပေးနိုင်ဖို့မျှော်လင့်ပါတယ်။ ပြီးတော့ ဒီအသင်းနဲ့ အတူ ဆုဖလားများစွာ ဆွတ်ခူးနိုင်ဖို့ပေါ့။

 

မေး - မန်ယူအသင်းမှာ တွေ့ဆုံရမယ့် အသင်းဖော်သစ်တွေနဲ့ဆက်ဆံရေးကရော။

ဖြေ - အသင်းဖော်သစ်တွေနဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုမျိုး မရှိပါဘူး။ ဒါပေမဲ့ သူတို့နဲ့ ပြိုင်ဘက်အဖြစ် ကြိမ်ဖန်များစွာရင်ဆိုင်ခဲ့ရလို့ ကောင်းကောင်းသိနေပါတယ်။ ဒီဂီယာကတော့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက်ပါပဲ။

 

မေး - ကမ္ဘာတစ်ဝှမ်းက မန်ယူပရိသတ်ကိုရော ဘာများပြောချင်သေးသလဲ။

ဖြေ - အလက်ဆစ်ဆန်းချက်ဇ် ဒီကိုရောက်လာပါပြီ။ သူဟာ ဆုဖလားအားလုံးကို သိမ်းပိုက် နိုင်ဖို့အတွက် ဆာလောင်သူတစ်ဦးပါ။ ယူနိုက်တက်ပရိသတ်တွေကို အလက်ဆစ်ဆန်းချက်ဇ်က ပျော်ရွှင်မှုပေးပါလိမ့်မယ်။

Most Read

Most Recent