လူမစုံပေမယ့် ဘရိုက်တန်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချယ်လ်ဆီး

လူမစုံပေမယ့် ဘရိုက်တန်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချယ်လ်ဆီး
Published 21 January 2018

 

ပရီးမီးယားလိဂ်ပွဲစဉ်(၂၄) စနေည အစောဆုံးပွဲအဖြစ် ဘရိုက်တန်နဲ့ ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ချယ်လ်ဆီးက (၄)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းမှာ တိုက်စစ်မှူး မိုရာတာ၊ တောင်ပံကစားသမား ပတ်ဒရိုတို့ ပွဲပယ်ခံထားရတာကြောင့် လူမစုံခဲ့ပေမယ့် ပုံစံကောင်းကို ပြသသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီးတိုက်စစ်မှာ ဘတ်ရှူအာယီ၊ ဟာဇက်၊ ဝီလီယံတို့ ပွဲထွက်လာပြီး ကွင်းလယ်မှာ အလွန်ဆို၊ ဘာကာယိုကို၊ ကွန်တေ၊ မိုဆက်စ်၊ နောက်တန်းမှာ ရူဒီဂါ၊ ခရစ္စတန်ဆန်နဲ့ အက်ဇ်ပီလီကွယ်တာတို့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲအစ (၃)မိနစ်မှာပဲ ဟာဇက်က ချယ်လ်ဆီးအတွက် အဖွင့်ဂိုးသွင်းယူခဲ့သလို၊ (၆)မိနစ်မှာလည်း ဝီလီယံက ဘတ်ရှူအာယီရဲ့ ဖန်တီးမှုကတစ်ဆင့် ဒုတိယဂိုးသွင်းယူခဲ့တာကြောင့် ဘရိုက်တန်အတွက် ခက်ခဲသွားခဲ့ပါတယ်။

ဘရိုက်တန်အနေနဲ့ ချယ်လ်ဆီးအသင်းကို ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ ချေပဂိုးကိုတော့ မရခဲ့ပါဘူး။

(၇၇)မိနစ်မှာ ဟာဇက်က တန်ပြန်တိုက်စစ်ကတစ်ဆင့် တစ်ကိုယ်တော် ခြေစွမ်းပြပြီး သွင်းယူခဲ့သလို၊ (၈၉)မိနစ်မှာ မိုဆက်စ်က လူစားဝင် ကစားသမား မူဆွန်ဒါရဲ့ အကွက်မြင်မြင် ပေးပို့မှုကို အဆုံးသတ်ပြီး ချယ်လ်ဆီး (၄)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

Photo: Chelsea fc via Getty Images

ဟာဇက်ရဲ့ သွင်းဂိုးတွေက သူ့ရဲ့ ပရိုကစားသမားဘဝမှာ ဂိုး(၁၀၀)နဲ့ (၁၀၁)ဂိုးမြောက် လိဂ်ဂိုးတွေဖြစ်ခဲ့ပြီး လိုင်လီအသင်းမှာ (၃၆)ဂိုး၊ ချယ်လ်ဆီးမှာ (၆၅)ဂိုး သွင်းယူခဲ့တာပါ။

ချယ်လ်ဆီးနည်းပြ ကွန်တီကတော့ ပရီးမီးယားလိဂ် တန်းတက်အသင်းတွေနဲ့ ဆုံတွေ့ခဲ့တဲ့ (၁၀)ပွဲမှာ (၉)ပွဲနိုင်၊ (၁)ပွဲသရေကျခဲ့ပြီး ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းသွားခဲ့ပါတယ်။

■ ပရီးမီးယားလိဂ်ရလဒ်များ
ဘရိုက်တန် ဝ-၄ ချယ်လ်ဆီး

■ လာလီဂါရလဒ်များ
အက်စ်ပန်ညို ဝ-၃ ဆီဗီလာ

Most Read

Most Recent