ဖေဖော်ဝါရီ ၂၃ ရက်ပွဲအတွက် အောင်လအန်ဆန် စာချုပ်ချုပ်ဆို

ဖေဖော်ဝါရီ ၂၃ ရက်ပွဲအတွက် အောင်လအန်ဆန် စာချုပ်ချုပ်ဆို
Published 20 January 2018

ကမ္ဘာ့ချန်ပီယံဆုရရှိပြီး အောင်လအန်ဆန် အောင်ပွဲခံနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲအတွက် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အောင်လအန်ဆန်သည် ယင်းပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ထိုးသတ်ရမည်ဖြစ်ပြီး ပြိုင်ဘက်ကစားသမားကိုမူ ONE Championship အဖွဲ့အစည်းက ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်လကုန်တွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာပြီး ပထမဆုံးအကြိမ် ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ထိုးသတ်ခွင့်ရရှိခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ထိုးသတ်မည့် MMA ပြိုင်ပွဲများပြီးဆုံးမှသာ အောင်လအန်ဆန်၏ ပြိုင်ဘက်ကစားသမားကို ထုတ်ပြန်ကြေညာဖွယ်ရှိနေသည်။ ယခုနှစ်တွင် MMA ပြိုင်ပွဲကို မြန်မာနိုင်ငံ၌ တစ်ကြိမ်သာ လက်ခံကျင်းပခွင့်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် အောင်လအန်ဆန်အနေဖြင့် ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ထိုးသတ်ခွင့်ရရှိခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၀၅ ခုနှစ်တွင် MMA ပြိုင်ပွဲများ စတင်ထိုးသတ်ခဲ့ပြီး မြန်မာနိုင်ငံတွင်မူ ၂၀၁၆ ခုနှစ်မှ လာရောက်ထိုးသတ်ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် MMA ပြိုင်ပွဲများအား တာဝန်ယူကျင်းပနေသည့် ONE Championship နှင့် ၂၀၂၀ ပြည့်နှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။

Most Read

Most Recent