အီဟီယန်နာချိုသွင်းယူသည့်ဂိုးမှာ အင်္ဂလန်ဘောလုံးလောက၌ ပထမဆုံး VAR အသုံးပြုသည့်ဂိုးအဖြစ် မှတ်တမ်းဝင်

အီဟီယန်နာချိုသွင်းယူသည့်ဂိုးမှာ အင်္ဂလန်ဘောလုံးလောက၌ ပထမဆုံး VAR အသုံးပြုသည့်ဂိုးအဖြစ် မှတ်တမ်းဝင်
Published 18 January 2018

 

 

 

 

 

ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော FA ဖလားပြန်ကန်ပွဲစဉ် လက်စတာ(၂-ဝ)ဖလိဝုဒ်ပွဲ၌ လက်စတာတိုက်စစ်မှူး အီဟီယန်နာချိုသွင်းယူသည့်ဂိုးမှာ အင်္ဂလန်ဘောလုံးလောကတွင် VAR (Vadio Assistant Referee - ရုပ်သံအကူဒိုင်လူကြီးစနစ်) အသုံးပြုသည့် ပထမဆုံးဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဟီယန်နာချိုသည် ယင်းပွဲ၌ ပွဲချိန်(၄၃)မိနစ်နှင့် (၇၈)မိနစ်များတွင် အသင်းအတွက် ဂိုးများသွင်းယူပေးခဲ့ပြီး သူသွင်းယူသော ဒုတိယဂိုးကို ဒိုင်လူကြီး ဂျွန်မော့စ်က VAR စနစ်ဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အီဟီယန်နာချိုသည် ယင်းဂိုးကိုမသွင်းယူမီ တောင်ပံကစားသမား မာရက်ဇ် ဘောလုံးပေးချိန်၌ လူကျွံသည်ဟုဆိုကာ စည်းကြပ်ဒိုင်ဖြစ်သူက အလံaထာင်ခဲ့သည်။

သို့ဖြစ်ရာ ပုံမှန်အနေအထားအရ ယင်းဂိုးမှာ လူကျွံဘောဖြစ်ခဲ့ခြင်းကြောင့် ငြင်းပယ်ခံရမည့်အခြေအနေရှိသော်လည်း ကွင်းလယ်ဒိုင် ဂျွန်မော့စ်က VAR စနစ် အသုံးပြုသည့် ရုပ်သံဒိုင်လူကြီးထံမှ ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းကာ ဂိုးအဖြစ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ရုပ်သံပြကွက်များတွင်လည်း မာရက်ဇ် ဘောလုံးကိုပေးချိန်၌ အီဟီယန်နာချိုမှာ (လူကျွံပြသောမျဉ်းတွင် ဖလိဝုဒ် နောက်တန်းကစားသမား တစ်ဦး၏ခြေထောက်နှင့် ငြိနေ၍)လူကျွံခဲ့ခြင်းမရှိကြောင်း တွေ့ရှိရမည်ဖြစ်သည်။

ယင်းဖြစ်ရပ်တွင် ကွင်းလယ်ဒိုင် ဂျွန်မော့စ်မှာ စည်းကြပ်ဒိုင်၏ အလံထောင်မှုကြောင့် ဖလိဝုဒ်အသင်းဘက်သို့ လူကျွံဘောပေးရန်စီစဉ်ခဲ့ကြောင်း၊ ယင်းအချိန်တွင် လန်ဒန်မြို့ရှိ VAR ရုပ်သံခန်းမ ၌ ယင်းပွဲအတွက် တာဝန်ယူကြည့်ရှုနေသော ရုပ်သံဒိုင်လူကြီး မိုက်ဂျုံးစ်က ဂျွန်မော့စ်ထံသို့ နားကြပ်မှတစ်ဆင့် လှမ်း၍အကြောင်းကြားကာ VAR စနစ်ဖြင့် ဆုံးဖြတ်ရန်အသိပေးခဲ့သည်ဟု Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ ထို့နောက် ဂျွန်မော့စ်က လူကျွံဘောဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး လက်စတာအသင်း၏သွင်းဂိုးကို ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ VAR စနစ်ကိုအသုံးပြု၍ ပြန်လည်ဆုံးဖြတ်ရာတွင် ကြာမြင့်ချိန်မှာ (၁)မိနစ်နှင့် (၇)စက္ကန့်သာ ရှိခဲ့ပြီး ယင်းအချိန်အတိုင်းအတာမှာ ကြာမြင့်သည်ဟု ပြော၍မရကြောင်း၊ ဘောလုံးပွဲများတွင် ဂိုးသွင်းအပြီး ကစားသမားများအောင်ပွဲခံရာတွင်လည်း ယင်းအချိန်ပမာဏခန့်ကြာမြင့်တတ်ကြောင်း ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဂရေဟမ်ပူးလ်က သုံးသပ်ခဲ့ပြီး မှန်ကန်သည့်ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့ကြောင်း Daily Mail တွင် သုံးသပ် ရေးသားခဲ့သည်။

Most Read

Most Recent