မန်ယူသို့ ဆန်းချက်ဇ် ပြောင်းရွှေ့ရေးမှာ မစ်ခီတာရီယန်အပေါ် မူတည်နေ

မန်ယူသို့ ဆန်းချက်ဇ် ပြောင်းရွှေ့ရေးမှာ မစ်ခီတာရီယန်အပေါ် မူတည်နေ
Published 17 January 2018

Photo: Sky Sports

မန်ယူအသင်းသို့ ချီလီတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ် ပြောင်းရွှေ့ရေးမှာ မန်ယူအသင်း၏ အာမေးနီးယားကွင်းလယ်လူ မစ်ခီတာရီယန်အပေါ် မူတည်နေကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ဆန်းချက်ဇ်နှင့် မစ်ခီတာရီယန်ကို အလဲအထပ်လုပ်ဆောင်လိုနေပြီး မစ်ခီတာရီယန်က အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှသာ အပြောင်းအရွှေ့ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။

မစ်ခီတာရီယန်၏ အေးဂျင့် ရိုင်အိုလာက "မစ်ခီအနေနဲ့ အာဆင်နယ်ကိုပြောင်းဖို့ သဘောမတူရင် မန်ယူက ဆန်းချက်ဇ်ကို ခေါ်ယူနိုင်မှာမဟုတ်ပါဘူး။ မစ်ခီက မဆုံးဖြတ်ရသေးပါဘူး။ မစ်ခီအနေနဲ့ သူ့အတွက် အကောင်းဆုံးဖြစ်မယ့်အရာကို လုပ်ဆောင်ပါလိမ့်မယ်။ သူက (မန်ယူအသင်းနဲ့)စာချုပ် (၂)နှစ်ခွဲရှိနေပါသေးတယ်။ ဒီတော့ သူ့ဆုံးဖြတ်ချက်အပေါ် မူတည်နေပါတယ်"ဟု ဆိုခဲ့သည်။

မစ်ခီတာရီယန်သည် တနင်္လာနေ့က စတုတ်စီးတီးအသင်းအား အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူအသင်းလူစာရင်း၌ ပါဝင်ခြင်းမရှိခဲ့ပေ။ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက မစ်ခီတာရီယန်ကို ချန်လှပ်ခဲ့ခြင်းမှာ နည်းဗျူဟာပိုင်းကြောင့်မဟုတ်ကြောင်း ဝန်ခံခဲ့သည်။

ဗြိတိန်ထုတ် The Times သတင်းစာ၏ ဖော်ပြချက်အရ ရိုင်အိုလာမှာ မစ်ခီတာရီယန် အပြောင်းအရွှေ့အတွက်ဆွေးနွေးရန် အာဆင်နယ်အသင်း၏ လေ့ကျင့်ရေးကွင်းသို့ သွားရောက်ခဲ့သော်လည်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်ရသေးခြင်းမရှိကြောင်း သိရသည်။

မစ်ခီတာရီယန်သည် ၂၀၁၆ နွေရာသီက ဒေါ့မွန်မှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်(၂၆)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အသင်းဟောင်း ဒေါ့မွန်က ၎င်းအား ပြန်လည်ခေါ်ယူမည်မဟုတ်ဟု ဆိုထားသည်။

Most Recent