ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းတွင် သွားရောက်ကစားနေသည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူက ထိုင်းနိုင်ငံရောက် မြန်မာပရိသတ်များမှာ မိမိ အတွက် အားတစ်ခုဖြစ်ကြောင်း ပြောကြားသည်။
အောင်သူသည် ဇန်နဝါရီ ၁၃ ရက်က ကျင်းပသည့် Police Tero အသင်း၏ ကော်ဖီဆိုင်ဖွင့်ပွဲနှင့် လူငယ်ဘောလုံးသင်တန်းသို့ တက်ရောက်အပြီး မီဒီယာများနှင့်တွေ့ဆုံရာတွင် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ “အခုလိုမျိုး လူငယ်ဘောလုံး သမားလေးတွေကို သင်ကြားပေးခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ အခု သင်ကြားပေးခဲ့တဲ့ ကစားသမားတွေထဲမှာ အလားအလာရှိတဲ့ ကစားသမားတွေ အများကြီးပါပါတယ်။ ကျွန်တော့်ကိုအားပေးနေတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေရော Police Tero အသင်းပရိသတ်တွေကိုပါ ကျေးဇူးတင်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာပရိသတ်တွေ အများကြီးရှိတာ ကျွန်တော့်အတွက် အရမ်းကောင်းပါတယ်။ သူတို့တွေရှိနေတဲ့အတွက် ကျွန်တော့်အတွက် အားတစ်ခု ဖြစ်စေပါတယ်။ ကျွန်တော် အစွမ်းရှိသလောက် Police Tero အသင်းအတွက် အကောင်းဆုံး ကြိုးစားပြီး ပေးဆပ်သွားမှာပါ” ဟု ၎င်းက ပြောကြားသည်။ အောင်သူသည် ထိုင်းလိဂ်-၁ သို့ ပထမဆုံးပြောင်းရွှေ့ကစားသည့် မြန်မာကစားသမားဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက်က ယှဉ်ပြိုင်ကစားသည့် ရာသီကြိုခြေစမ်းပွဲတွင် ဘန်ကောက်ဂလပ်စ်အသင်းဘက်သို့ နှစ်ဂိုး သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
အောင်သူ ပါဝင်ကစားမည့် Police Tero အသင်းသည် ပြီးခဲ့သည့်ရာသီက ရလဒ်များဆိုးရွားခဲ့သောကြောင့် ရာသီကြိုအပြောင်း အရွှေ့ကာလတွင် ကစားသမားသစ်များ အားဖြည့်ကာ ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ Police Tero အသင်းသည် ပြည်ပ ကစားသမားများလည်း ခေါ်ယူမည်ဖြစ်သည်။