<

မန်စီးတီးနှင့်ပွဲအတွက် ဆာလာ ကြံ့ခိုင်မှုပြည့်ဝနေပြီဟု ကလော့ပ် အတည်ပြု

Photo: liverpoolecho

လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က ဒဏ်ရာမှသက်သာလာသည့် ဆာလာသည် ယနေ့ကစားရမည့် မန်စီးတီး အသင်းနှင့်ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝနေပြီ ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၁၇ ဂိုးနှင့် ပြိုင်ပွဲစုံ ၂၃ ဂိုးအထိသွင်းယူပေးထားသည့် ဆာလာသည် ပေါင်ခြံဒဏ်ရာကြောင့် ဘန်လေ၊ အဲဗာတန်အသင်းတို့နှင့် ကစားသည့် နှစ်ပွဲဆက်တိုက် လွဲချော်ခဲ့သော်လည်း ယနေ့ပွဲတွင် ပြန်လည်ပါဝင်နိုင်မည်ဖြစ်သည်။

၎င်း၏ကြံ့ခိုင်မှုအခြေအနေနှင့်ပတ်သက်၍ ဇန်န၀ါရီ ၁၂ ရက်ကပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ကလော့ပ်က “အခုလောလောဆယ်မှာ ထူးခြားတာ ဘာမျှထပ်မဖြစ်ဘူးဆိုရင် မို(ဆာလာ)က ပြန်ကစား နိုင်တော့မှာပါ။ လေ့ကျင့်ခန်းအစီအစဉ်တွေကိုလည်း ပုံမှန်အတိုင်း အပြည့်အ၀လေ့ကျင့်နိုင်ပါပြီ။ သူကြံ့ခိုင်မှုပြည့်ဝနေတာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်”ဟု ပြောကြားသည်။

ဆာလာသည် ဒီဇင်ဘာအတွက် လီဗာပူးလ်အသင်းပရိသတ်များက ချီးမြှင့်သည့် အကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခဲ့ပြီး ယခုရာသီတွင် လေးကြိမ်မြောက်ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည့် ဗန်ဒိုက်ကိုမူ ယနေ့ပွဲအတွက် ပွဲထွက်စာရင်း၌ အသုံးပြုရန် မဆုံးဖြတ်ရသေးဟု ကလော့ပ်က ဆိုသည်။