<

ထိုင်းလိဂ်-၁ ကလပ်သို့ပြောင်းရွှေ့ရန် နန္ဒလင်းကျော်ချစ် သဘောတူညီမှုရ

ဓာတ်ပုံ – ညီညီစိုးညွန့်

မြန်မာ့လက်ရွေးစင်ဟောင်း တောင်ပံကစားသမား နန္ဒလင်းကျော်ချစ်သည် ထိုင်းလိဂ်-၁ ကလပ် ပရာချူအာအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ နန္ဒလင်းကျော်ချစ်သည် ပြီးခဲ့သည့်ရာသီက စင်ကာပူကလပ် ဘလက်စတီးယားအသင်းတွင် အငှားသွားရောက်ကစားခဲ့ပြီး ယခုရာသီတွင် ထိုင်းကလပ်သို့ ထပ်မံပြောင်းရွှေ့ရန် စီစဉ်နေခြင်းဖြစ်သည်။

နန္ဒလင်းကျော်ချစ်သည် အပြောင်းအရွှေ့ကိစ္စအတွက် ဇန်န၀ါရီ ၁၃ ရက် (ယနေ့) တွင် ထိုင်းနိုင်ငံသို့ထွက်ခွာမည်ဖြစ်ပြီး ဇန်န၀ါရီ ၁၄ ရက်တွင် ဆေးစစ်မှုခံယူကာ အောင်မြင်ပါက အပြီးသတ်စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။ နန္ဒလင်းကျော်ချစ်သည် ပြည်တွင်းကလပ်အသင်းများဖြစ်သည့် ဧရာဝတီနှင့် ရတနာပုံအသင်းတွင် ပါဝင်ကစားခဲ့ပြီး ၂၀၁၇ ရာသီမှစ၍ ပြည်ပကလပ်အသင်းများ၌ သွားရောက်ကစားခဲ့ခြင်းဖြစ်သည်။ နန္ဒလင်းကျော်ချစ်သည် ၂၀၁၄ ခုနှစ်အထိ မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရခဲ့ကြောင်း သိရသည်။ နန္ဒလင်းကျော်ချစ်အား ခေါ်ယူမည့် ပရာချူအာအသင်းသည် ယခုရာသီတွင် ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီတွင် ထိုင်းလိဂ်-၂ ပြိုင်ပွဲ၌ အဆင့် (၃) နေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။