CAF အကောင်းဆုံးဆုအား အာဖရိကနှင့် အီဂျစ်ရှိ ကလေးငယ်များအတွက်ရည်ရွယ်ဟု ဆာလာပြောကြား

CAF အကောင်းဆုံးဆုအား အာဖရိကနှင့် အီဂျစ်ရှိ ကလေးငယ်များအတွက်ရည်ရွယ်ဟု ဆာလာပြောကြား
Published 6 January 2018

အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) က ပေးအပ်ချီးမြှင့်သည့် ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခဲ့သည့် အီဂျစ်လက်ရွေးစင်အသင်းနှင့် လီဗာပူးလ်အသင်း တောင်ပံတိုက်စစ်ကစားသမား မိုဟာမက်ဆာလာက ယင်းဆုအား အာဖရိက နှင့် အီဂျစ်နိုင်ငံရှိ ကလေးငယ်များအားလုံးအတွက် ရည်ရွယ်ကြောင်း ပြောကြားသည်။

CAF အကောင်းဆုံးဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက်က ဂါနာနိုင်ငံ အက် ကရာမြို့၌ ကျင်းပရာ အပြီးသတ် ဆန်ခါတင် ကစားသမားသုံးဦးအနက် ဆာလာက ရမှတ်စုစုပေါင်း ၇၀၀ ဖြင့် အကောင်းဆုံးဆု ဆွတ်ခူးရရှိခဲ့သည်။ ဆာလာ (၂၅ နှစ်) သည် အီဂျစ် အသင်းအား ၂၀၁၇ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲတွင် ဒုတိယနေရာရရှိစေရန်နှင့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်စေရန် စွမ်းဆောင်ပေးခဲ့သည်။ ထို့ပြင် ၎င်းသည် ပြီးခဲ့သည့်ရာသီက စီးရီးအေကလပ် ရိုးမားအသင်း အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲကစား ၁၉ ဂိုးသွင်းယူ ပေးခဲ့သလို နွေရာသီတွင် လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ပြီးနောက် ရာသီဝက်ကာလမှာပင် ပြိုင်ပွဲစုံ ၂၉ ပွဲကစား ၂၃ ဂိုးအထိ သွင်းယူပေးထားသည်။ ထို့ကြောင့် ဆာလာသည် ရမှတ်အများဆုံးဖြင့် အကောင်းဆုံးကစား သမားဆု ဆွတ်ခူးရရှိခဲ့ပြီး လီဗာပူးလ်အသင်းဖော် ဆီနီဂေါလက်ရွေးစင်တောင်ပံကစားသမား မာနေက ရမှတ် ၁၀၀ ဖြင့် ဒုတိယ၊ ဒေါ့မွန်အသင်း၏ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းက ရမှတ် ၆၀ ဖြင့် တတိယ ရရှိခဲ့သည်။ အကောင်းဆုံးဆု လက်ခံရယူပြီး နောက် ကျေးဇူးတင်စကားပြောကြားရာတွင် ဆာလာက “ဒီဆုကို ရရှိတာဟာ ကျွန်တော့်ရဲ့ အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာတာပါ။ ၂၀၁၇ ခုနှစ်က ကျွန်တော့်အတွက်တော့ မမေ့နိုင်စရာဖြစ်ခဲ့ပြီး လက်ရွေးစင်အသင်းနဲ့လည်း အံ့အားသင့်စရာအချိန်တွေ ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ဒီဆုကို အာဖရိကနဲ့ အီဂျစ်မှာရှိတဲ့ ကလေးငယ်အားလုံးအတွက် ရည်ရွယ်ပါတယ်။ ကလေးငယ်တွေအနေနဲ့ ယုံကြည်ချက်အိပ်မက်တွေကို ဘယ်တော့မျှ မရပ်တန့်လိုက်ဖို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

ဆာလာသည် ဘီဘီစီသတင်းဌာနက ချီးမြှင့်သည့် အာဖရိကအကောင်းဆုံးဆုနှင့် အာရပ်တစ်နှစ်တာအကောင်းဆုံးဆုများကိုလည်း ဆွတ်ခူးရရှိထားသည်။ အကောင်းဆုံး နည်းပြဆုကို အီဂျစ်အသင်းနည်းပြ ဟက်တာကူးပါး (အာဂျင်တီးနား) က ရရှိခဲ့သည်။

Most Read

Most Recent