မြန်မာတို့ရဲ့ရွှေအိပ်မက်

မြန်မာတို့ရဲ့ရွှေအိပ်မက်
Published 9 August 2017

အရှေ့တောင်အာရှဒေသရဲ့ အဆင့်မြင့်ဆုံး အားကစားပြိုင်ပွဲဖြစ်တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲကို အခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံမှာ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။ အရှေ့ တောင်အာရှဒေသရဲ့ အမြင့်ဆုံး အားကစား ပြိုင်ပွဲဖြစ်တာကြောင့် သက်ဆိုင်ရာနိုင်ငံတွေရဲ့ အားကစားတိုးတက်မှု အဆင့်အတန်းကို အောင်မြင်မှုပေတံနဲ့ပဲ တိုင်းတာလေ့ရှိပါတယ်။ မြန်မာအားကစားအဖွဲ့ဟာ လာမယ့် (၂၉) ကြိမ်မြောက် မလေးရှားဆီးဂိမ်းစ် ပြိုင်ပွဲမှာ အားကစားနည်း ၂၉ မျိုးနဲ့ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး အောင်မြင်မှုရဖို့ သေချာ ပြင်ဆင်ထားပါတယ်။ မြန်မာအားကစားအဖွဲ့ရဲ့ ရွှေဆုအများဆုံးမျှော်လင့်နိုင်တဲ့ လှေလှော် အားကစားနည်း ပါဝင်လာခြင်းမရှိတာ၊ ကစားသမားကောင်းတွေ ထွက်ပေါ်လာမှု ရှားပါးလာတာကြောင့် ရွှေတံဆိပ်ရဖို့ ပိုပြီအားထုတ်ကြိုးပမ်းရမယ့် အနေအထားပဲဖြစ်ပါတယ်။

(၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို သြဂုတ် ၁၉ ရက်ကနေ ၃၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဘောလုံးပြိုင်ပွဲ အပါအဝင် အားကစားနည်းအချို့ကိုတော့ သြဂုတ် ၁၄ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲကို ခြောက်ကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မလေးရှားနိုင်ငံဟာ အားကစားနည်း ၃၈ မျိုး ထည့်သွင်းကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ အားကစားနည်းကလွဲရင် အားကစားနည်းတော်တော်များများမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မြန်မာအားကစားလောကရဲ့ အနေအထားက လက်ရှိအချိန်မှာ အကျဘက်ကိုရောက်နေပြီး ကစားသမားသစ်ထွက်ပေါ်မှုကလည်း ရှားပါးနေပါတယ်။

ဒါကြောင့်လည်း ပြည်ပမှာကျင်းပတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲဆိုရင် ရွှေတံဆိပ် ၂၀ ခုနဲ့အထက်မရတာ နှစ်တော်တော်ကြာနေပါပြီ။ ဒီနှစ်မှာလည်း မြန်မာအား ကစားအဖွဲ့အနေနဲ့ အစဉ်အလာဆိုးတွေကိုချေဖျက်ဖို့ တော်တော်ကြိုးစားရမယ့် အနေအထားမှာရှိပါတယ်။ ဒီနှစ်မှာ မြန်မာအားကစားအဖွဲ့ ရွှေဆုရဖို့ ပိုပြီးရုန်းကန်ရနိုင်ပြီး အားထားရတဲ့ လှေလှော်အားကစားနည်း ပါဝင်လာခြင်း မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ရွှေတံဆိပ်အများဆုံးပေးတဲ့ ရေကူးနဲ့ ပြေးခုန်ပစ်အားကစားနည်းမှာ ရွှေတံဆိပ်ရရှိဖို့ အခွင့်အရေးနည်းလာတာကြောင့် နောက်ပိုင်းမှာ လှေလှော်အားကစားနည်းဟာ ရွှေဆုအများဆုံး ရယူပေးနိုင်တဲ့ အားကစားနည်းဖြစ်လာခဲ့ပါတယ်။ မလေးရှားနိုင်ငံဟာ ရိုးရာလှေ၊ ကနူး/ကယက်နဲ့ အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲ အမျိုးအစားတွေမှာ အားနည်းတာကြောင့် လှေလှော်အားကစားနည်းကို ထည့်သွင်းမကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ရွှေတံဆိပ် ငါးခုနဲ့အထက် နစ်နာခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး ရွှေတံဆိပ်ရနိုင်တဲ့ အားကစားနည်းတချို့ကိုပဲ အဓိက အားကိုးရတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း ၂၉ မျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပေမယ့် ရွှေတံဆိပ်မျှော်မှန်းနိုင်တဲ့ အားကစားနည်း အရေအတွက်ကတော့ ၁၀ ခုထက် မပိုပါဘူး။ ကျန်တဲ့ အားကစားနည်း ၂၀ နီးပါးက ဆုတံဆိပ်ရနိုင်တဲ့ အားကစားနည်းတွေ ပါဝင်သလို တချို့အားကစား နည်းကတော့ အတွေ့အကြုံရဖို့ပဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ရွှေတံဆိပ်မျှော်မှန်းနိုင်တဲ့ အားကစားနည်းတွေကတော့  မြားပစ်၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ဘိလိယက်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ သေနတ်ပစ်တို့ဖြစ်ပါတယ်။ ကျန်တဲ့ အားကစားနည်းတွေထဲက မထင်မှတ်ပဲ ရွှေတံဆိပ်ရနိုင်တာက ဘောလုံး၊ ပြေးခုန်ပစ်၊ ကရာတေးတို့ပဲဖြစ်ပါတယ်။ မြန်မာအားကစားအဖွဲ့အနေနဲ့ အရင်က အားကစားနည်း ၃၁ မျိုး ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပေမယ့် ရိုးရာလက်ဝှေ့အဖွဲ့က မွေလက်ဝှေ့ပြိုင်ပွဲမှာ ယှဉ်ပြိုင်လိုခြင်းမရှိကြောင်း အကြောင်းပြန်ခဲ့သလို ပန်ကြပ်ဆီလတ်အဖွဲ့ကလည်း ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ဆုရရှိမှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အဲဒီပြိုင်ပွဲအပြီးမှာ အရှေ့ တောင်အာရှ ပန်ကြပ်ဆီလတ်အဖွဲ့ချုပ်က နုတ်ထွက်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၅ နဲ့ ၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲတွေမှာ ဝင်ရောက် မယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၈၄ ခုအထိ ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲမှာတော့ ရွှေတံဆိပ် ၁၂ ခုပဲ ရခဲ့ပါတယ်။ ၂၀၁၃ နဲ့ ၂၀၁၅ ကြားမှာ မြန်မာအားကစားအဖွဲ့ရဲ့ရွှေတံဆိပ်ရရှိမှုက အရမ်းကိုကွာခြားသွားခဲ့ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ နိုင်ငံတွေက အားသာတဲ့အားကစားနည်းနဲ့ ပြိုင်ပွဲအမျိုးအစားတွေကို လိုသလို ထည့်သွင်းခဲ့တာကြောင့် အိမ်ရှင်နိုင်ငံတွေက အသာစီးရခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ အားသာတဲ့ ပြိုင်ပွဲအမျိုးအစားတွေ၊ အားကစားနည်းတွေမပါတဲ့ အကြိမ်တွေမှာ ရွှေတံဆိပ်ရရှိမှု လျော့ကျခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဆီးဂိမ်းစ် ပြိုင်ပွဲတစ်လျှောက် အဆိုးရွားဆုံး ရွှေတံဆိပ်ရရှိမှုကတော့ ၁၉၉၉ ဘရူနိုင်းဆီးဂိမ်းစ်ပြိုင်ပွဲဖြစ်ပြီး ရွှေတံဆိပ်သုံးခုပဲ ရခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရွှေတံဆိပ်များများရပြီး နိုင်ငံအလိုက်ဆုရရှိမှုမှာ မြင့်တက်လာချင်တယ်ဆိုရင်တော့ အားကစားနည်းအားလုံး ဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့လိုသလို ရွှေတံဆိပ်အများဆုံးပေးတဲ့ ရေကူးနဲ့ ပြေးခုန်ပစ်အားကစားနည်းတွေမှာ အရင်တုန်းကလို အောင်မြင်မှုရအောင် ပြန်လည်ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ မြန်မာအားကစားအဖွဲ့ရဲ့ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ မျှော်လင့်ချက်အနေအထားကတော့ အရင်နှစ်တွေကလိုပဲ ရွှေတံဆိပ်အရေအတွက် ၂၀ ကျော်ဖို့ မလွယ်ပါဘူး။ မျှော်မှန်းထားတဲ့ အားကစားနည်းတွေ အောင်မြင်ပြီး မမျှော်လင့်တဲ့ စွမ်းဆောင်မှုတွေရှိခဲ့မယ်ဆိုရင်တော့ ရွှေတံဆိပ်ရရှိမှုက အခြေအနေကောင်းနိုင်ပါတယ်။

မြန်မာအားကစားအဖွဲ့ ဒီနှစ်ဆီးဂိမ်းစ်မှာ အဓိက ယှဉ်ပြိုင်ရမှာက ပြီးခဲ့တဲ့ ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲထက် ရွှေတံဆိပ်ပိုမိုရရှိဖို့ ဖြစ်လာနိုင်ပါတယ်။ လက်ရှိ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်းအနေအထားအရ ရွှေတံဆိပ် ၂၀ ကျော်ရဖို့ မဖြစ်နိုင်ပါဘူး။ ရွှေတံဆိပ်မျှော်မှန်းထားတဲ့ အားကစားနည်းတွေအားလုံး အောင်မြင်မှုရပြီး ငွေဆုသာ မျှော်မှန်းထားတဲ့ အားကစားနည်းတွေရဲ့ မထင်မှတ်တဲ့စွမ်းဆောင်မှုတွေကို တွေ့ရမယ်ဆိုရင်တော့ စင်ကာပူဆီးဂိမ်းစ်ထက် ရွှေပိုရနိုင်ပါတယ်။ ဒါဆိုရင် မြန်မာအားကစားအဖွဲ့ အောင်မြင်တယ်လို့ ဆိုရမှာပါ။

Most Read

Most Recent