ပေါင်သန်း ၃၀၀ ခန့် အသုံးပြုထားသော်လည်း မန်စီးတီးကို မယှဉ်နိုင်သေးဟု မော်ရင်ဟို သုံးသပ်

ပေါင်သန်း ၃၀၀ ခန့် အသုံးပြုထားသော်လည်း မန်စီးတီးကို မယှဉ်နိုင်သေးဟု မော်ရင်ဟို သုံးသပ်
Published 28 December 2017

မော်ရင်ဟိုအား ဒီဇင်ဘာ ၂၆ ရက်က ဘန်လေအသင်းနှင့် သရေကျသည့်ပွဲ၌ တွေ့ရစဉ် (Photo: AFP)

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက နှစ်ရာသီအတွင်း အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၃၀၀ ခန့် သုံးစွဲထားသော်လည်း မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို မယှဉ်နိုင်သေးကြောင်း သုံးသပ်ပြောကြားသည်။

မော်ရင်ဟိုသည် ၂၀၁၆ ခုနှစ် နွေရာသီတွင် မန်ယူအသင်းအား စတင်ကိုင်တွယ်ခဲ့ပြီး နှစ်ရာသီအတွင်း ကစားသမားသစ် ခြောက်ဦးအတွက် ပေါင် ၂၈၆ ဒသမ ၃ သန်း (ယူရို ၃၂၃ သန်း၊ ဒေါ်လာ ၃၈၃ သန်း) အထိ သုံးစွဲထားသည်။ မန်ယူအသင်းသည် ပြီးခဲ့သည့် ရာသီတွင် ယူရိုပါလိဂ်ဖလားနှင့် လိဂ်ဖလားပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲသော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အဆင့် (၆) နေရာသာ ရပ်တည်နိုင်သလို ယခုရာသီတွင်လည်း ချန်ပီယံဆု ရယူနိုင်ရန် မျှော်လင့်ချက် အလွန်နည်းပါးနေပြီဖြစ်သည်။ ထို့ပြင် မန်ယူအသင်းသည် နောက်ဆုံးကစားသည့် ပရီးမီးယားလိဂ်ငါးပွဲတွင် ရှစ်မှတ်သာ ရယူနိုင်ခဲ့ပြီး လက်စတာ၊ ဘန်လေအသင်းတို့နှင့် နှစ်ပွဲဆက်တိုက် နှစ်ဂိုးစီ သရေကျခဲ့သည်။ ထို့ကြောင့် ဝေဖန်မှုများ ထွက်ပေါ်နေရာ မော်ရင်ဟိုက “အသင်းကြီးတစ်သင်းက ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော်သိပါတယ်။ ထိပ်တန်းအသင်းနဲ့ အစဉ်အလာကြီးတဲ့ အသင်းဆိုတာ ကွဲပြားခြားနားပါတယ်။ မန်ချက်စတာယူနိုက်တက်လိုအသင်းမျိုး အကြောင်းပြောမယ်ဆိုရင် မီလန်က ကျွန်တော်တို့လို အသင်းကြီးမဟုတ်ဘူး၊ ရီးယဲလ်မက်ဒရစ်နဲ့ အင်တာမီလန်ကလည်း ကိုယ့်လိုမဟုတ်ဘူးလို့ ထင်နေကြလိမ့်မယ်။ ပရီးမီးယားလိဂ်ဖလား ရယူဖို့ တာဝန်ရှိတဲ့အကြောင်း ပြောချိန်မှာ တော့တင်ဟမ်ကရော အဲဒီလို တာဝန်မျိုးမရှိဘူးလားလို့ ပြန်မေးရမယ်။ တော့တင်ဟမ်က ကျွန်တော်တို့နဲ့ သမိုင်းကြောင်း မတူပေမယ့် အာဆင်နယ်နဲ့ ချယ်လ်ဆီးမှာရော ချန်ပီယံဆုယူရမယ့် တာဝန်မရှိဘူးလား။ ကျွန်တော်တို့က ကမ္ဘာ့အကောင်း ဆုံးမဟုတ်တော့တဲ့အသင်းကို နှစ်ရာသီမြောက် ပြုပြင်တည်ဆောက်နေရတာပါ။ မန်ချက်စတာစီးတီးက နောက်ခံအစွန်လူတွေကို တိုက်စစ်မှူးဈေးနှုန်းနဲ့ ခေါ်နေချိန်မှာ ခင်ဗျား  (မီဒီယာ) က အသင်းကြီးတွေအကြောင်းပြောနေတယ်။ တကယ်တော့ ခင်ဗျားပြောနေတာ အသင်းရဲ့ သမိုင်းအစဉ်အလာအကြောင်းတွေပါ” ဟု ဘန်လေနှင့် ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် ၎င်းက အခု သုံးစွဲထားတဲ့ပမာဏက မလုံလောက်သေးပါဘူး။ အသင်းကြီးတစ်သင်းအတွက် သုံးရတဲ့တန်ဖိုးနဲ့ တခြားအသင်းတွေနဲ့တော့ ကွာခြားမှုရှိမှာပဲ။ တကယ်တော့ အဲဒီသမိုင်းအစဉ်အလာကြောင့် ဈေးကွက်ထဲမှာ ပိုပြီးနစ်နာပါတယ်” ဟု ဆိုသည်။ မော်ရင်ဟိုက နှစ်ပွဲဆက်သရေရလဒ်အတွက် မပျော်ရွှင်သော်လည်း ကစားသမားများ၏ ကြိုးစားအားထုတ်မှုကို ကျေနပ်ကြောင်း ဆက်လက်ပြောကြားသည်။

Most Read

Most Recent