<

မြန်မာ့လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ကောင်းဆက်နိုင် ဆာမတ်ဆာခွန်အသင်းသို့ ပြောင်းရွှေ့

ရန်ကုန်အသင်း၏ မြန်မာ့လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ကောင်းဆက်နိုင်သည် ထိုင်းလိဂ်-၂ ကလပ် ဆာမတ်ဆာခွန်အသင်းသို့ ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း သိရသည်။ ကောင်းဆက်နိုင်သည် ဆာမတ်ဆာခွန်အသင်းသို့ ဒုတိယအကြိမ် ပြောင်းရွှေ့ခဲ့ ခြင်းဖြစ်ပြီး တစ်ရာသီစာချုပ် ချုပ်ဆိုထားကြောင်း သိရသည်။

ကောင်းဆက်နိုင်သည် ၂၀၁၆ ရာသီတွင် ဆာမတ်ဆာခွန်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ဖူးပြီး ခြေစွမ်းပြကစားနိုင်သလို ထိုင်း လိဂ်-၃ မှ လိဂ်-၂ သို့ တန်းတက်ခွင့်ရရန် စွမ်းဆောင်ပေးခဲ့သည်။ ကောင်းဆက်နိုင်သည် ၂၀၁၆ ရာသီကုန်တွင် ရန်ကုန်အသင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ပြီးခဲ့သည့် ရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ခြေစွမ်းပြ ကစားနိုင်ခြင်းမရှိကြောင်း သိရသည်။ ဆာမတ်ဆာခွန်အသင်းသည် မြန်မာကစားသမားများအား ခေါ်ယူအသုံးပြုခဲ့ဖူးပြီး ပြီးခဲ့သည့် ရာသီတွင် ရတနာပုံအသင်းတိုက်စစ်မှူး ရှိုင်းသူရအား ရာသီဝက် အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ဖူးသည်။ ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) သည် လာမည့်ရာသီတွင် ကလပ်အသင်းအားလုံး အာဆီယံဒေသတွင်း ကစားသမားတစ်ဦး မဖြစ်မနေထည့်သွင်းကစားရမည်ဟု စည်းမျဉ်းထုတ်ပြန်ခဲ့သောကြောင့် ကလပ်အသင်းများအနေဖြင့် အာဆီယံကစားသမားများအား အပြိုင်အဆိုင်ခေါ်ယူလျက်ရှိပြီး မြန်မာကစားသမားများဖြစ်သည့် အောင်သူ (ရတနာပုံမှ Police Tero)၊ ကျော်ကိုကို (ရန်ကုန်မှ ချင်းရိုင်ယူနိုက်တက်)၊ ကျော်ဖြိုးဝေ (Southern မှ ဖူးခက်စီးတီး)၊ ၀င်းလှိုင်ဦး (Southern မှ ရနောင်းယူနိုက်တက်)၊ ကောင်းဆက်နိုင် (ရန်ကုန်မှ ဆာမတ်ဆာခွန်) တို့ ပြောင်းရွှေ့ကစားမည်ဖြစ်သည်။ ယင်း ကစားသမားများအနက် အောင်သူနှင့် ကျော်ကိုကိုသည် ထိုင်းအမြင့်ဆုံးလိဂ်-၁ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားခွင့်ရမည်ဖြစ်သည်။

December 28, 2017














Copy Protected by Chetan's WP-Copyprotect.