ချင်းရိုင်အသင်းသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရခဲ့သည့် ကျော်ကိုကို ရက်ပိုင်းအတွင်း ဆေးစစ်မည်

ချင်းရိုင်အသင်းသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရခဲ့သည့် ကျော်ကိုကို ရက်ပိုင်းအတွင်း ဆေးစစ်မည်
Published 20 December 2017

ထိုင်းလိဂ်-၁ ကလပ် ချင်းရိုင်အသင်းသို့ ပြောင်းရွှေ့ကစားမည့် တိုက်စစ်မှူး ကျော်ကိုကိုအား ထိုင်းလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

ရန်ကုန်ယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုသည် ထိုင်းလိဂ်-၁ ကလပ် ချင်းရိုင်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရခဲ့ပြီး ရက်ပိုင်းအတွင်း ဆေးစစ်မှုခံယူမည်ဖြစ်ကြောင်း သိရသည်။

ချင်းရိုင်ယူနိုက်တက်အသင်း တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်အသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ကျော်ကိုကို၏ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။ ချင်းရိုင်ယူနိုက်တက်အသင်းသည် ကျော်ကိုကို ကို လစာအဖြစ် တစ်လလျှင် ဒေါ်လာ ၇၀၀၀ ပေးမည်ဖြစ်ပြီး နေထိုင်ရန်အိမ်နှင့် သွားလာရန် ကားတစ်စီး စီစဉ်ပေးမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် ၎င်းအား တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ စတုတ္ထပတ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ဆေးစစ်မှုခံယူမည်ဖြစ်သည်။ ချင်းရိုင်ယူနိုက်တက်အသင်းသည် ကျော်ကိုကိုအား ဆေးစစ်မှုနှင့် ကြံ့ခိုင်မှုအောင်မြင်ပါက  အပြီးသတ် စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး ဇန်နဝါရီတွင် အသင်းနှင့် စတင်ပူးပေါင်းမည်ဖြစ်သည်။ “ချင်းရိုင်ယူနိုက်တက်အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ကျော်ကိုကိုရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိခဲ့ပါပြီ။ တစ်ရာသီ အငှားနဲ့ စေလွှတ်မှာပါ။  သူ့အတွက် လစာအပြင် ပွဲကန်ကြေးလည်း ရမှာပါ။ တခြားခံစားခွင့်တွေရှိပြီး အပြီးသတ် စာချုပ်ချုပ်ဆိုပြီးမှ တရားဝင်ထုတ်ပြန်လို့ရမှာပါ။ ရက်ပိုင်းအတွင်း ထိုင်းမှာ ဆေးစစ်မှု ခံယူရမှာဖြစ်ပြီး အောင်မြင်ခဲ့ရင် စာချုပ် ချုပ်ဆိုမှာပါ” ဟု ရန်ကုန်အသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) ၏ သတ်မှတ်ချက်အရ ကလပ်အသင်းများမှာ အာဆီယံကစားသမားတစ်ဦး မဖြစ်မနေ ထည့်သွင်းကစားရမည်ဖြစ်သောကြောင့် မြန်မာကစားသမားများအား ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ပြီး အောင်သူပြီးနောက် ကျော်ကိုကိုမှာ ထိုင်းလိဂ်သို့ ဒုတိယမြောက် ပြောင်းရွှေ့ကစားမည့် မြန်မာ ကစားသမားဖြစ်လာခဲ့သည်။

ကျော်ကိုကိုအား ခေါ်ယူမည့် ချင်းရိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီတွင် ထိုင်းလိဂ်-၁ ၌ အဆင့် ၄ ရခဲ့သည့်အသင်း ဖြစ်ပြီး လာမည့်ရာသီတွင် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ဒုတိယအဆင့်တွင် ယှဉ်ပြိုင်ခွင့် ရထားသည်။ ထိုင်းကလပ်အသင်းများသည် အောင်သူနှင့် ကျော်ကိုကိုတို့ကို ခေါ်ယူပြီးနောက် အခြားမြန်မာကစားသမားများကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent