ချန်ပီယံဆုအတွက် ရာသီပိတ်ပွဲစဉ်အထိ မော်ရင်ဟို လက်မလျှော့

ချန်ပီယံဆုအတွက် ရာသီပိတ်ပွဲစဉ်အထိ မော်ရင်ဟို လက်မလျှော့
Published 19 December 2017

Photo: AFP

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရာသီပိတ်စဉ်အထိ လက်မလျှော့ဘဲ ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဝက်စ်ဘရွန်းအား အနိုင်ရသည့်ပွဲအပြီးတွင် ပြောကြားသည်။

မန်ယူအသင်းသည် ယင်းပွဲအနိုင်ရလဒ်aကြာင့် ဇယားထိပ်ဆုံးမှ မန်စီးတီးအသင်းနှင့် ၁၁ မှတ်အကွာ ဒုတိယနေရာ၌ ဆက်လက် ရပ်တည်လျက်ရှိသည်။

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်နှင့် စပါးအသင်းနည်းပြ ပိုချက်တီနိုက ချန်ပီယံမျှော်လင့်ချက် လက်လျှော့လိုက်ပြီဖြစ်ကြောင်း ပြောကြားထားသော်လည်း မော်ရင်ဟိုကမူ “ဒီမေးခွန်းတွေပဲ အမြဲတမ်းမေးနေကြမယ်ဆိုတာ သိထားပြီးသားပါ။ ကျွန်တော်ကလည်း ဒီအဖြေကိုပဲ ပြန်ဖြေမှာပါ။ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ရဲ့ နောက်ဆုံးပွဲက အိုးလ်ထရက်ဖို့ဒ်မှာ ဝက်ဖို့ဒ်နဲ့ကစားရမှာပါ။ အဲဒီပွဲကို မေလလယ်မှာ ကစားရမှာဖြစ်ပြီး နောက်ဆုံးပွဲအထိ ပွဲစဉ်တိုင်းအနိုင်ရဖို့ ကြိုးစားမှာပါ။ ကျွန်တော်တို့က အဆင့် ၃၊ ၄၊ ၅၊ ၆ နေရာအတွက် ယှဉ်ပြိုင်နေကြတာလားလို့ မေးလာရင် ဒါဟာ သူတို့အားလပ်ရက် လိုချင်နေလို့ မေးတာဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ကတော့ အားလပ်ရက် မလိုချင်ပါဘူး။ နောက်ဆုံးပွဲအထိ ယှဉ်ပြိုင်သွားမှာပါ”  ဟု ပြောကြားသည်။

ထို့ပြင် ဝက်စ်ဘရွန်းနှင့်ပွဲ၌ ဒဏ်ရာရရှိသွားသဖြင့် လူစားလဲခဲ့ရသည့် ဗလင်စီယာ၏အခြေအနေနှင့် ပတ်သက်၍ မော်ရင်ဟိုက“ဗလင်စီယာက ကျွန်တော်ပြောတဲ့ ဒီဇင်ဘာဒဏ်ရာ ရသွားတာပါ။ ပွဲတွေဆက်တိုက် ကစားရလို့ ဒဏ်ရာရသွားတာဖြစ်ပြီး တံကောက်ကြောကြွက်သား ထိခိုက်မိတာပါ။ ဘယ်လိုအခြေအနေရှိလဲဆိုတာတော့ မသိသေးပါဘူး”ဟု ဆိုသည်။

Most Read

Most Recent