ထိုက်သင့်သည့် ကမ်းလှမ်းမှုရလျှင် အသင်း၌ မပျော်ရွှင်သူများအား ရောင်းချမည်ဟု မော်ရင်ဟို ဆို

ထိုက်သင့်သည့် ကမ်းလှမ်းမှုရလျှင် အသင်း၌ မပျော်ရွှင်သူများအား ရောင်းချမည်ဟု မော်ရင်ဟို ဆို
Published 17 December 2017

Photo: AFP

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက အသင်း၌ မပျော်မရွှင်ဖြစ်နေသူများအတွက် ထိုက်သင့်သည့် ကမ်းလှမ်းမှုရရှိလျှင် ဇန်နဝါရီတွင် ရောင်းချမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။

“ထိုက်သင့်တဲ့ဈေးနှုန်း ဖြစ်မယ်ဆိုရင်ပေါ့။ မန်နေဂျာတစ်ဦးအနေနဲ့တော့ ကျွန်တော်က ဒီလိုပဲဆုံးဖြတ်ပါတယ်။ ကစားသမားတိုင်းမှာ တန်ဖိုးကိုယ်စီရှိကြပါတယ်။

အကယ်၍ ကစားသမားတစ်ဦးက မပျော်ရွှင်တော့ဘူးဆိုရင် ဒါမှမဟုတ် ကစားသမားတစ်ဦးက ပမာဏတစ်ခုနဲ့ တောင်းဆိုမှုလုပ်ခဲ့မယ်ဆိုရင်၊ အဲဒီပမာဏကလည်း ကျွန်တော်တို့အတွက် ကောင်းမွန်တယ်ဆိုရင် ငြင်းဆန်နေမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီမှာ မမ်ဖစ် (ဒီပိုင်း) နဲ့ မော်ဂန် (ရှနိုက်ဒါလင်) ကို ရောင်းခဲ့ သလိုမျိုးပေါ့”  ဟု မော်ရင်ဟိုက ဝက်စ်ဘရွန်းအသင်းနှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

သို့ဖြစ်ရာ ယခုရာသီတွင် ပုံမှန်ကစားခွင့်ရရန် ရုန်းကန်နေရသည့် ကွင်းလယ်လူ မစ်ခီတာရီယန်၊ နောက်ခံလူ လုခ်ရှောနှင့် ဒါမီယန်တို့၏ အနာဂတ်မှာ မရေမရာ ဖြစ်နေကြောင်း ဗြိတိန်မီဒီယာများက ခန့်မှန်း ဖော်ပြလျက်ရှိသည်။ ထို့ပြင် မော်ရင်ဟိုက ဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ယူခွင့်ရပါက ခေါ်ယူမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ခြေချင်းဝတ်ဒဏ်ရာရရှိထားသည့် အိုင်ဗရီကို့စ်နောက်ခံလူ ဘာယီအနေဖြင့် ခွဲစိတ်ကုသရမည်ဖြစ်ပြီး နှစ်လမှ သုံးလခန့် အနားယူရန် လိုအပ်ကြောင်း မော်ရင်ဟိုက အတည်ပြု ပြောကြားသည်။ ဘာယီသည် နိုဝင်ဘာလဆန်းတွင် လက်ရွေးစင်အသင်းအတွက် သွားရောက်ကစားစဉ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

 

 

Most Recent